Monday, August 12, 2013

ရှမ်း၊ ကယား၊ မွန်ပါတီများနှင့် အပစ်ရပ်အဖွဲ့များ ပါဝင်သော ငြိမ်းချမ်းရေး ယုံကြည်မှု တည်ဆောက်ခြင်း တွေ့ဆုံဆွေးနွေးပွဲ ယခုလကုန်ပိုင်း ပြုလုပ်ရန် စီစဉ်

8.1.1
ပလောင် လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PSLF/TNLA) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ အချို့အား တွေ့ရစဉ်
ငြိမ်းချမ်းရေး ယုံကြည်မှု တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ရှမ်း၊ ကယား၊ မွန်ပြည်နယ်များမှ နိုင်ငံရေး ပါတီ များနှင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့များ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲကို ယခုလကုန်ပိုင်းတွင် တောင်ကြီးမြို့၌ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
မူလက ပြည်နယ်အားလုံး တိုင်းရင်းသားပေါင်းစုံ ပါတီများနှင့် အပစ်ရပ်အဖွဲ့များ ပါဝင်သော တွေ့ ဆုံဆွေးနွေးပွဲ အဖြစ် ပြုလုပ်ရန် စီစဉ်ထားသော်လည်း လတ်တလောတွင် ဖြေရှင်းစရာ အခက်အခဲ အချို့ ရှိနေသဖြင့် ယခုကဲ့သို့ ရှမ်း၊ ကယား၊ မွန်ပြည်နယ်များနှင့် သက်ဆိုင်သည့် အဖွဲ့များဖြင့်သာ ပြုလုပ်ရန် ကြိုးပမ်းရခြင်း ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ရခိုင်ပြည်နယ် ကိုယ်စားပြု နှစ်ပါတီနှင့် ချင်းပြည်နယ်ကိုယ်စားပြု သုံးပါတီကို ဧည့်သည်အဖြစ် ဖိတ်ကြားရန် စီစဉ်ထားကြောင်း သိရသည်။
''ပွဲကိုလုပ်ဖို့ ကြိုးစားနေပါတယ်။ အတားအဆီး အချို့ကြောင့် အခက်အခဲ ဖြစ်နေတယ်။ ဥပမာ ခန်းမ ငှားမယ်ဆိုရင် အစိုးရခွင့်ပြုချက်ပါမှ ငှားလို့ရမယ်ဆိုတဲ့ ပြဿနာတွေ ရှိနေတယ်'' ဟု ဦးစိုင်းညွန့်လွင် က ပြောကြားသည်။
ငြိမ်းချမ်းရေး ယုံကြည်မှု တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ရှမ်း အမျိုးသားများ ကိုယ်စားပြုပါတီများနှင့် အပစ်ရပ်အဖွဲ့များ ပါဝင်သော ပထမအဆင့် ဆွေးနွေးပွဲကို ရန်ကုန် မြို့၊ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် တစ်ခုလုံးရှိ အခြားသောအဖွဲ့များ ပါဝင်နိုင်ရန် ဒုတိယအဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ထို့နောက် ဒုတိယအဆင့် ရှမ်းပြည်နယ်၌ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ် မတ်လအတွင်းက လာရှိုးမြို့၌ ကျင်းပခဲ့ရာ ကယားပြည်နယ်မှ နိုင်ငံရေး ပါတီများနှင့် အပစ်ရပ်အဖွဲ့များ ပါဝင်လာသဖြင့် ရှမ်း-ကယား ပြည်နယ် တွေ့ဆုံ ဆွေးနွေးပွဲအဖြစ် ကျင်းပခဲ့ပြီး တတိယအဆင့်တွင် ပြည်နယ်အားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

ယခုပြုလုပ်ရန် စီစဉ်ကြိုးပမ်းနေသော တတိယအဆင့် ရှမ်း၊ ကယား၊ မွန် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက် ပြီးဆုံးပါက မကြာမီတွင် ပြည်နယ်အားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြား ခဲ့သည်။

EMG

No comments:

Post a Comment