Tuesday, August 27, 2013

မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ်များသည် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ်ဖြစ်ဟု မြို့ခံများသုံးသပ်

8.1.1
မန္တလေးမြို့ ဈေးချိုအနီး တစ်ဝိုက်အား သြဂုတ် ၁၉ ရက်နေ့က တွေ့ရစဉ်
မန္တလေးမြို့တွင် နေ့ခင်းအချိန် မြို့လယ်ကောင်၌ လုယက်မှုများနှင့် ညပိုင်းအုပ်စုဖွဲ့ ရမ်းကားမှု ဖြစ်စဉ် များသည် မူးယစ်ဆေးဝါး သုံးစွဲမှုမြင့်တက် လာခြင်း၏ နောက်ဆက်တွဲ ပြဿနာ တစ်ရပ် ဖြစ်ကြောင်း မြို့ခံများက သုံးသပ်ပြောကြားသည်။
မန္တလေးမြို့တွင် စိတ်ကို ပြောင်းလဲစေသော မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများမှာ လူနေရပ်ကွက် များအတွင်း ထင်သာမြင်သာစွာဖြင့် တွင်တွင်ကျယ်ကျယ် ပြုလုပ်နေခြင်းနှင့် မန္တလေး-မူဆယ်လမ်းပိုင်း၊ ကချင်ပြည်နယ် မြစ်ကြီးနား-မန္တလေး မီးရထား လမ်းပိုင်းနှင့် ကလေး-တမူး လမ်းပိုင်းများမှ ၀င်ရောက်လျက်ရှိသော မူးယစ်ဆေးဝါးများကို လစဉ်ကဲ့သို့ ဖမ်းဆီးရမိသော်လည်း ထိန်းချုပ်ရန ခက်ခဲနေဆဲ ဖြစ်ကြောင်း သိရသည်။
မန္တလေး-မူဆယ် လမ်းပိုင်းတွင် Mobile Team အဖွဲ့ဖြင့် တရုတ်နယ်စပ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ တစ်ဆင့် တရားမ၀င် ပစ္စည်းဝင်ရောက်မှုကို ဟန့်တားစစ်ဆေး နေသော်လည်း အဆိုပါ လမ်းကြောင်း တွင် ရှောင်ကွင်းလမ်းများစွာ ရှိနေသဖြင့် ထိန်းချုပ်ရန် ခက်ခဲကြောင်း၊ ထို့အတူ ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်မှုများ ရှိနေသဖြင့် Mobile Team အဖွဲ့များအား ဆိုင်ကယ် ကယ်ရီများကို ကြပ်မတ်ဆောင်ရွက်ရန် ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစိုင်းအောင်မြတ်က ''ဆိုင်ကယ် ကယ်ရီတွေကို သတိထားပြီး ကြပ်မတ်ပေးဖို့ လိုပါတယ်။ မူးယစ်ဆေးဝါး သယ်တယ်။ ရှမ်းမြောက်မှာတုန်းက လက်နက် အစိတ်အပိုင်း သယ်တာရှိတယ်။ ဂိုဏ်းဆန်ဆန် ဖြစ်လာတာ တွေရှိ တယ်''ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဖွဲ့စည်းသော Mobile Team အဖွဲ့လုပ်ငန်း တာဝန် လွှဲပြောင်း ပွဲတွင် ပြောကြားသည်။
ထို့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မူးယစ်ဆေးဝါး ရောင်း ၀ယ် သုံးစွဲမှု မြင့်တက်လာမှု နောက်ကွယ်တွင် အစိုးရထိပ်တန်း ပုဂ္ဂိုလ်များ ပါဝင်မှုရှိနေ ၍ ဖြစ်သည် ဟု ပြောကြားထားသည်။
''သင်ပန်းကုန်းကွက်သစ် ညညအကွက်မှာဆိုရင် အထက်တန်းကျောင်းသား အရွယ်ကလေးတွေပါ မူးယစ်ဆေး သုံးစွဲမှုတွေ ရှိနေတာကို တွေ့ရတယ်။ ကျွန်တော်က ဒီရပ်ကွက်ထဲမှာနေပြီး မမြင်ချင်မှ အဆုံးပါ။ ရှစ်တန်းကိုးတန်း ကျောင်းသားအရွယ် တွေတောင်ပါပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ကို ရောင်းတဲ့အိမ်မှာပဲ သုံးစေပြီး အပြင်ကို ပေးမထုတ်ပါဘူး။ ဒါ့ပြင် ရဲကို တိုင်ကြားတဲ့အခါ ရပ်ကွက်ထဲ လူစိမ်းရောက် လာပြီဆိုတာနဲ့ အားလုံးလက်စ ဖျောက်ပြီးသားပါ။ ဘယ်လောက်ထိ ဆိုးလည်းဆိုရင် အဲဒီရပ်ကွက်မှာ မူးယစ်ဆေးဝါး ဖြတ်ပေးတဲ့ တရားမ၀င် ဆေးခန်းတောင် ရှိပါတယ်။ မူးယစ်ဆေး ကတော့ ဈေးပေါတာရော မပေါတာရော အစားစားကို လက်ခံရောင်းချ ပေးနေတာဖြစ်ပြီး လမ်းတစ်လမ်းမှာဆိုရင် ရောင်းတဲ့အိမ် ငါးအိမ်ခြောက်အိမ် လောက်ရှိတယ်'' ဟု ညညရပ် ကွက်တွင် နေထိုင်သူ ဦးမင်းလွင်က ဆိုသည်။
ချမ်းအေးသာစံ မြို့နယ်မှ သင်ပန်းကုန်း ကွက်သစ်သို့ ပြောင်းရွှေ့လာသူ မိခင်တစ်ဦးကလည်း ''ဒီဘက်ကို ပြောင်းလာတာ ၆ လ မပြည့်သေးဘူး။ ဒါပေမဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ရပ်ကွက်ထဲက မူလတန်း ကျောင်းသားအရွယ် ကလေးတွေကို သယ်ပို့ဖို့ မုန့်ဖိုးပေး ခိုင်းစေနေတာကို သိရတယ်။ ကလေးတွေကလည်း ဒါကိုအသားကျ နေပုံပါပဲ။ ကျွန်မတို့ စီးပွားရေး အခြေအနေအရ အိမ်ရောင်းပြီး ဒီဘက်ပြောင်းလာတာ နောက်ထပ် တခြားပြန်ပြောင်း ချင်ပါပြီ။ ကိုယ့်ကလေးတွေအတွက် စိတ်ပူရလို့ပါ''ဟု ပြောကြားသည်။
မန္တလေးမြို့ ဧရာဝတီမြစ်ဆိပ် ကမ်းနားလမ်းရှိ ကျွဲစွန်းရပ်(အရပ်အခေါ် ကန်ဘောင်) နှင့် သမန်းကုန်းမြို့ သစ်ရပ်တို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနှင့် ပတ်သက်၍ နာမည်ကျော် လူသိများသည့် နေရာ များဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
မန္တလေးမြို့တွင် လွန်ခဲ့သည့် တစ်လကျော် အတွင်းက သိန်းပေါင်းများစွာ တန်ကြေးရှိသည့် မူးယစ်ဆေးဝါး များကို အေးရိပ်ငြိမ်သုသာန် (ယခင်ကြာနီကန် သုသာန်)၌ လာရောက်စွန့်ပစ် ဖျက်ဆီး သည့် ဖြစ်စဉ်ရှိခဲ့သည်။
''မူးယစ်ဆေးဝါး ရောင်းချမှုတွေမှာ ရဲဝန်ထမ်းတွေပါ ပါဝင်ပတ်သက် နေတယ်ဆိုတာ သတင်းရလို့ မန္တလေးတက္ကသိုလ် ၀န်းကျင်မှာ လိုက်လံစုံစမ်းပြီးတော့ တစ်ခါ ဖမ်းဆီးရမိဖူးတယ်။ နောက်ပြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် မှုခင်းကျဆင်းရေး ဆိုပြီးစီမံချက်နဲ့ ဇွန်လကစတင် လှည့်ကင်း လှည့်လည် စစ်ဆေးခဲ့ပါတယ်။ စတင်စစ်ဆေး စဉ်ကတော့ တစ်နေ့ကို အမှုပေါင်း ၅၀ ကျော် လောက် မိတယ်။ အဲဒီနေရာတွေက မြစ်တစ်ဖက်ကမ်းနဲ့ ပျံကျတွေ၊ အခြေနေမဲ့ တွေများတဲ့ အတွက် မူးယစ်ဆေး တင် မကဘဲ ခိုးဆိုးနှိုက် အပါအ၀င် ဒုစရိုက် အများစုရှိတဲ့ နေရာတွေကိုတော့ အချိန်ပေး ပြီး ဆောင်ရွက် ရမှာပါ။ ချက်ချင်းကြီး ကင်းရှင်းသွားဖို့ မဖြစ်နိုင်ဘူး''ဟု အငြိမ်းစား ရဲမှူးတစ်ဦး က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment