Thursday, August 8, 2013

ရန်ကုန်စည်ပင် နယ်နိမိတ်၌ ဆိုင်ကယ်စီးနင်းမှုအား အရေးယူမှုများ မရှိခဲ့၍ ဆိုင်ကယ်နှင့် ဆက်စပ်ယာဉ်တိုက်မှုများ နေ့စဉ်ဖြစ်ပွားနေပြီး လူသေဆုံးမှုများ ဖြစ်ပေါ်နေ

A-8-8
ဇူလိုင် ၂၀ ရက်နေ့က ပန်းဆိုးတန်းမြို့နယ်အတွင်း ဆိုင်ကယ်စီးနေမှု မြင်ကွင်း (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ် (Downtown) အတွင်း ဆိုင်ကယ်စီးနင်းခွင့် မပြု ထားသော်လည်း အရေးယူမှုများ မရှိခဲ့သည့်အတွက် ဆိုင်ကယ်နှင့် ဆက်စပ်ယာဉ်တိုက်မှု ဖြစ်စဉ်များ နေ့စဉ်ဖြစ်ပွားနေပြီး လူသေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သြဂုတ် ၇ ရက် နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသာဌေးက ပြောကြား ခဲ့သည်။
"စည်ပင်သာယာ နယ်နိမိတ်အတွင်းထဲမှာ ဆိုင်ကယ်စီးနင်းခွင့် မပြုထားတာ တော်တော်ကြာပါပြီ။ သက်ဆိုင်ရာအနေနဲ့ ပြည်သူအချို့ သွားလာရေး အဆင်ပြေစေဖို့အတွက် တရားမ၀င် စီးနင်းမှုတွေကို ထိရောက်စွာ အရေးယူခဲ့ခြင်း မလုပ်ခဲ့ဘူး။ ဒါကြောင့် အခုနောက်ပိုင်းမှာ စီးနင်းသူတွေ အရမ်းများ လာပြီးတော့ ဆိုင်ကယ်နဲ့ ဆက်စပ်ယာဉ်တိုက်မှုတွေ နေ့စဉ်ဖြစ်လာတယ်။ ဥပမာ-တစ်နေ့ကို ယာဉ်မတော် တဆမှု ခုနစ်မှု ဖြစ်ပွားခဲ့တယ်ဆိုရင် သုံးမှုက ဆိုင်ကယ်နဲ့ ဆက်စပ်ယာဉ်တိုက်မှုတွေ ဖြစ်နေပါတယ်။ ဒါကြောင့် စည်းကမ်းမဲ့တဲ့ ဆိုင်ကယ်စီးနင်းသူတွေကို ခရိုင်အဆင့် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်သွားပါမယ်" ဟု သြဂုတ် ၇ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသာဌေးက ဆိုသည်။
မော်တော်ဆိုင်ကယ် စီးနင်းခွင့် မပြုထားသည့် မြို့နယ်များအတွင်း မောင်းနှင်နေသူများကို ထိရောက်စွာ စစ်ဆေးအရေးယူရန်အတွက် ခရိုင်အဆင့် စစ်ဆေးဖမ်းဆီးရေး အဖွဲ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ နယ်မြေရဲ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စည်ပင် စသည့်ဌာနဆိုင်ရာများ ပါဝင်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ် အစီးရေ အကန့် အသတ်ဖြင့် စီးနင်းခွင့်ပြုထားသည့် ဌာနဆိုင်ရာ အချို့မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စည်ပင်၊ သံရုံးနှင့် လျှပ်စစ် တို့ဖြစ်ကြောင်း သိရှိရသည်။

EMG

No comments:

Post a Comment