Tuesday, August 27, 2013

ထိုင်းရောက် မြန်မာအလုပ်သမားတို့အတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများ ထပ်မံ တိုးချဲ့မည်

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ၁၁ ခုရှိနေရာ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိနေပြီး စက်တင်ဘာ ၅ ရက်တွင် ထိုင်းနှင့် မြန်မာ အစိုးရတို့ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ထိုင်းနိုင်ငံ ဗန်ကောက် မြို့ မြန်မာ သံရုံးမှ သံမှူးကြီး ဦးမျိုးတင့်က ပြောသည်။


လတ်တလောတွင် ပိတ်ထားလျက်ရှိသည့် စမုပရာကန်၊ စမုစခွန် (မဟာချိုင်)၊ စူရတ်ဌာနီ၊ ချင်းမိုင်၊ လရောင်၊ ပထုံဌာနီ၊ ကန်ချနဘူရီ စသောဒေသများရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း ၁၁ ခုကို လည်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ပြန်လည်ဖွင့်လှစ်ကာ ရုံးအသစ်များကိုလည်း ထပ်မံ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ယင်းအပြင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်း လေးနှစ်ပြည့်ပြီးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကိုလည်း တရားဝင် ဆက်လက် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ယခုလနောက်ဆုံးပတ်မှ စတင်လုပ်ဆောင်ပေးမည်ဟု ထိုင်းနိုင်ငံ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၂၅ ရက် သံရုံး၏ ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများသည် ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ သြဂုတ်လ ၃၀ ရက် နောက် ဆုံးထား ဆက်သွယ်ရန် လည်း ပါရှိသည်။

“မကြာခင်မှာ လေးနှစ်ပြည့်သွားမယ့် သူတို့က အထောက်အထားမဲ့ ဖြစ်သွားမယ်။ အထောက် အထားမဲ့ ဖြစ်သွားရင် မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာမယ်။ သူတို့လည်း ဟိုသွားဒီသွား ဖမ်းမိတာတို့ ဖြစ်မှာဆိုး လို့၊ နောက်တစ်ခုက ထိုင်းဘက်က မဖမ်းရအောင်၊ ဒီလိုလုပ်ငန်းတွေ ရှိပါတယ်။ ထိုင်းဘက် ကလည်း သိအောင်၊ မြန်မာဘက်ကလည်း ဒီလိုလုပ်ငန်းတွေရှိတယ်ဆိုတာ ချပြနိုင်အောင် ပါဘဲ”ဟု ယာယီနိုင်ငံ ကူးလက်မှတ်များ ပြုလုပ်နိုင်မှုနှင့် ပတ်သက်၍ သံမှူးကြီးဦးမျိုးတင့် က ပြောသည်။

ထိုင်းရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်သည် လေးနှစ်သက်တမ်း ကုန်ဆုံးသွားသူများအတွက် အဓိက ရည်ရွယ် ထုတ်ပြန်ခြင်းမရှိသော်လည်း ကောင်းမွန်သည့် လက္ခဏာတစ်ရပ်ဟု ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများကို အကူအညီပေးနေသူ ဦးအောင်ကျော်က ပြောသည်။

“လေးနှစ်ပြည့်သွားတဲ့ သူတွေအတွက် ရည်ရွယ်တဲ့ လက္ခဏာမပြဘူး။ ကျွန်တော်တို့ တောင်းဆိုနေတဲ့ လုပ်သားတွေ အတွက် အစပျိုးလာတဲ့ တုံ့ပြန်ချက်တစ်ခုလို့တော့ မြင်တယ်”ဟု ပြောသည်။ ထိုင်းနိုင်ငံ တွင် မြန်မာအလုပ်သမား သုံးသန်းခန့်ရှိပြီး ထိုင်း-မြန်မာ သဘောတူညီချက်အရ တစ်သန်းခွဲကျော်ကို တရားဝင် ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။   

Mizzima

No comments:

Post a Comment