Saturday, August 17, 2013

မိတ္ထီလာတွင် မတ် ၂၁ ရက်က အစ္စလာမ် ဘာသာရေး အဆောက်အအုံအား ဖျက်ဆီးခဲ့သူ နှစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ကျခံစေရန် အမိန့်ချမှတ်

8.1.1
မတ်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် မီးလောင်ပျက်စီးခဲ့သော သီရိမင်္ဂလာ ရပ်ကွက်တွင် ရှင်းလင်းမှုများ ပြုလုပ်နေစဉ်
မိတ္ထီလာမြို့ ပြည်သာယာ ရပ်ကွက်အတွင်းရှိ အစ္စလာမ်ဘာသာရေး အဆောက်အအုံကို ဖျက်ဆီး ခဲ့သူ နှစ်ဦးအား အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် မြို့နယ်တရားရုံးမှ သြဂုတ် ၁၂ ရက်က အမိန့်ချမှတ် ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၂၁ ရက်က ပြည်သာယာ ရပ်ကွက်အတွင်း မြင်းခြံသွား ကားလမ်းဘေးရှိ အစ္စလာမ် ဘာသာရေး အဆောက်အအုံအား ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသဖြင့် အမှတ်(၃)ရဲစခန်းမှ ရဲအုပ် သိန်းဝေမြင့်က စုံစမ်းစစ်ဆေးခဲ့ရာ ပြည်သာယာ မြောက်ပိုင်းနေ စိုးချစ်ဌေး(ခ)စိုးကြီး အသက် ၃၈ နှစ်နှင့် ဖိုးဇော်(ခ)ဇော်ထက်ဝင်း အသက် ၁၉ နှစ်တို့ ကျူးလွန်ခဲ့ကြောင်း သိရှိရသဖြင့် ဖမ်းဆီးကာ မေ ၁၄ ရက်က မြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည်။
အဆိုပါ အမှုကို မိတ္ထီလာမြို့နယ် တရားရုံးမှ ပြစ်မှုကြီးအမှု အမှတ် ၁၆၉၄/၂၀၁၃ ဖြင့် လက်ခံကြားနာ စစ်ဆေးခဲ့ပြီး သြဂုတ် ၁၂ ရက်တွင် စိုးချစ်ဌေး(ခ)စိုးကြီးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇ အရ အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၅၁ အရ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် တစ်ပေါင်းတည်း ကျခံစေရန်၊ ဖိုးဇော် (ခ)ဇော်ထက်ဝင်းအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇ အရ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၁ အရ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
မိတ္ထီလာမြို့တွင် မတ် ၂၀ ရက်မှ စတင်ခဲ့သော အကြမ်းဖက်မှုများ အတွင်း ပြစ်မှုကျူးလွန်ခဲ့သူ ၁၀၀ ကျော်အား လူသတ်မှု ၁၅ မှု၊ မီးရှို့မှု ကိုးမှု၊ ဖျက်ဆီးမှု ခြောက်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုသုံးမှု၊ လုယက်မှုနှစ်မှု၊ နာကျင်စေမှုတစ်မှု စုစုပေါင်း ၃၆ မှုဖြင့် တရားစွဲဆို ခဲ့သည့်အနက် သြဂုတ်လ လယ်အထိ ၁၇ မှုတွင် ကျူးလွန်ခဲ့သူ တရားခံ ၄၆ ဦးအား ပြစ်ဒဏ်အသီသီး ချမှတ်ခဲ့ပြီးကြောင်း သိရသည်။
ပြစ်ဒဏ်ချမှတ်ပြီးသော အမှုပေါင်း ၁၇ မှုအတွက် တရားခံ ၄၆ ဦးတွင် တရားခံ ၁၉ ဦးမှာ အစ္စလာမ် ဘာသာဝင်များဖြစ်ပြီး တရားခံ ၂၇ ဦးမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဇူလိုင်လ နောက်ဆုံးပတ် စာရင်းများအရ လူသတ်မှုတွင် ပါဝင်ပတ်သက်သူ ၃၀ ဦး၊ မီးရှို့မှုတွင် ပါဝင်ပတ်သက်သူ ၁၄ ဦး၊ ဖျက်ဆီးမှုတွင် ပါဝင်ပတ်သက်သူ ၁၀ ဦး၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုတွင် ပါဝင်ပတ်သက်သူ ၄ ဦး၊ လုယက်မှုတွင် ပါဝင်ပတ်သက်သူ ၉ ဦး၊ နာကျင်စေမှုတွင် ပါဝင်ပတ်သက်သူ ၁ ဦး စုစုပေါင်း ၆၈ ဦးတို့အား တရားခံပြေးအဖြစ် ကြေညာထားပြီး ဖမ်းဆီးရမိရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
''တရားခံပြေး ကြေညာထားပြီး အမှုဖွင့်တာလည်းရှိတယ်။ လူတစ်ဦးတည်းက နှစ်မှု၊ သုံးမှုကျူး လွန်လို့ ပြစ်ဒဏ်ချတာလည်း ရှိတယ်'' ဟု တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

Eleven Media Group

1 comment:

  1. မြန်မာတွေကို ပြန်လွတ်ပေးရင်ကောင်းမှာပဲနော်....
    ငါတို့မြန်မာတွေ သနားပါတယ်....မင်းတို့အတွက် ငါဘုရားမှာ အမြန်လွတ်အောင် ဆုတောင်းပေးပါမယ်...

    ReplyDelete