Thursday, August 15, 2013

အင်တာနက် လွတ်လပ်ခွင့် တင်းကျပ်ထားသည့် အင်တာနက် ရန်သူစာရင်းတွင် တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား စသည့်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံ ပါဝင်နေ

ပြင်သစ်နိုင်ငံအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် နယ်စည်းမထား သတင်းထောက်များ အဖွဲ့မှ ထုတ်ပြန်သော အင်တာနက်ရန်သူနိုင်ငံ များစာရင်း (Enemies of Internet-2012) တွင် မြန်မာနိုင်ငံ သည် တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား စသည့်နိုင်ငံများနှင့်အတူ ပါဝင်နေကြောင်း ၎င်းတို့စာရင်းအရ သိရသည်။

အဆိုပါ အင်တာနက် ရန်သူစာရင်းတွင် ထိပ်ဆုံးမှရှိနေသူမှာ ဘာရိန်းနှင့် ဘီလာရုစ်တို့ဖြစ်ပြီး  မြန်မာနိုင်ငံက တတိယနေရာမှ လိုက်နေခြင်း ဖြစ် သည်။ 

"၀က်ဘ်ဆိုက်တွေ ပိတ်တာမျိုး မရှိတော့တာမျိုးတော့ကြာပြီ။ နောက်ပြီး အင်တာနက်ဆားဗစ်တွေ သုံးလို့ ရနိုင်ဖို့အတွက် လိုအပ်တဲ့ port တွေကို ပိတ်ဆို့ထားတာမျိုးတွေ မရှိတော့တာလည်း ကြာပြီ။ ကျွန်တော်တို့က ဆင်ဆာကဏ္ဍကနေ ကြည့်မယ်ဆိုရင်တော့ ဒါမျိုးတွေမရှိတော့တဲ့အတွက်ကြောင့် လွတ်လပ်ခွင့်ရပြီလို့ ပြောနိုင်ပါတယ်။ အင်တာနက် လွတ်လပ်ခွင့်ဆိုတာ အင်တာနက် ဆက်သွယ်ရေးကို လူတိုင်းသက်သက် သာသာနဲ့ သုံးနိုင်ရမယ်ဆိုတဲ့ အချက်နဲ့ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လိုအပ်ချက်ရှိနေပါတယ်။ လူတိုင်းအင်တာနက်ကို ဈေးသက်သက် သာသာနဲ့ မရနိုင်သေးဘူး။ နောက်တစ်ခုက အင်တာနက်က တော်တော်နှေးနေသေး တယ်။ အင်တာနက် ဆက်သွယ်မှု နှေးတာရယ် တပ်ဆင်ခ ဈေးကြီးနေသေးတာရယ်၊ တပ်ဆင်ဖို့ ခက်တာရယ်၊ ဒီကိစ္စတွေမရတဲ့ အတွက်ကြောင့် အင်တာနက်လွတ်လပ်ခွင့် မရသေးပါဘူးလို့ ပြော မယ် ဆိုရင်လည်း ပြောလို့ရပါတယ်" ဟု Fairway Web မှ Project Manager ကိုအိမောင်က ပြောကြားသည်။

အင်တာနက် လွတ်လပ်ခွင့်ဆိုတာ အင်တာနက် ဆက်သွယ်ရေးကို လူတိုင်းသက်သက်သာသာနဲ့ သုံးနိုင်ရမယ် ဆိုတဲ့ အချက်နဲ့ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လိုအပ်ချက် ရှိနေပါတယ် . . . . .

အင်တာနက် ရန်သူစာရင်းထဲတွင် တရုတ်၊ အီရန်၊ ကျူးဘား၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဗီးယား၊ ဆီးရီးယား၊ တာ့ခ်မင်နစီတန်၊ ဥဇဘက်ကစ္စတန်နှင့် ဗီယက်နမ်တို့လည်း ပါဝင်နေသည်။

အင်တာနက် ရန်သူစာရင်းဝင် မဟုတ်သေးသော်လည်း အင်တာနက်မှ သတင်းအချက်အလက်များ စောင့်ကြည့်ခံရသည့် နိုင်ငံများတွင် သြစတြေးလျ၊ အီဂျစ်၊ ပြင်သစ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ မလေး ရှား၊ ရုရှား၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ ထိုင်း၊ တူနီးရှား၊ တူရကီနှင့် အမေရိကန်တို့ ပါဝင်နေသည်။

အဆိုပါ သတ်မှတ်ချက်များကို အင်တာနက်တွင် အကြောင်းအရာများကို ကြည့်ရှုခွင့် ပိတ်ထားခြင်း၊ ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ သတင်းစာဆရာများနှင့် ဘလော့ဂါများကို နှောင့်ယှက်ခြင်း၊ ဖမ်းဆီးခြင်း စသည် တို့ကို ပြုလုပ်ခြင်းများအပေါ် ကြည့်ရှုကာ သတ်မှတ်ခြင်း ဖြစ်သည်။

ပြည်တွင်း၌ အင်တာနက် လွတ်လပ်ခွင့်အား နှစ်အတန်ကြာ ပိတ်ဆို့ထားရာမှ ၂၀၁၁ ခုနှစ်တွင် ညစ်ညမ်း ၀က်ဘ်ဆိုက် များမှလွဲ၍ ၀က်ဘ်ဆိုက်တော်တော် များများအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ 
Eleven Media Group

No comments:

Post a Comment