Thursday, August 1, 2013

ကချင်ပြည်နယ် NDF ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ၏ ဒုတိယအကြိမ် ရုံးချိန်း၌ တရားလိုပြ သက်သေခြောက်ဦး စစ်ဆေး

Z-1-8
ကချင်ပြည်နယ် NDF ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းလင်းအောင်)
ကချင်ပြည်နယ် NDF ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာအား ဖားကန့်မြိုနယ် တရားရုံးက ဒုတိယအကြိမ် ရုံးချိန်းခဲ့ပြီး တရားလိုပြသက်သေ ခြောက်ဦးအား တရားရုံးမှ ယနေ့စစ်ဆေးခဲ့သည်။ တရားလို
ရဲအုပ်ကျော်မြ၀င်းက ဦးဇော်ဂျာသည် ရင်ကျပ်ရောဂါ ခံစားနေရပြီး နယ်လှည့်ဆေးကု ဆရာမ ဒေါ်ဘောက်ဂျာက ထိုးဆေးနှစ်လုံးထိုးပြီး သေဆုံး သွားကြောင်း၊ ဒေါ်ဘောက်ဂျာ မှာ ဆေးကုသ လိုင်စင် မရှိ၍ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်တွင် ကာမိုင်းရဲစခန်းမှ ပ/၁၀/၂၀၁၁၊ ၂၀၀၀ ပြည့်နှစ် မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေပုဒ်မ-၄၁ ၊(ပ)၉/၂၀၁၁၊ ပြစ်မှုပုဒ်မ ၃၀၄-က၊ ပ ၄၂/၂၀၁၁ ယစ်မျိုးဥပဒေပုဒ်မ ၃၃ တို့ဖြင့် တရားစွဲဆိုခဲ့ပြီး အသေးစိတ်ကို မိမိရှေ့က တာဝန် ထမ်းဆောင်သော ရဲအုပ်ဦးထွန်းဝင်းသာသိကြောင်း အစစ်ခံခဲ့သည်။
ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် တရားစွဲဆိုသူ ဦးဇော်ဂျာ၏ ဇနီးဖြစ်သူက မိမိ၏ လင်သားသေဆုံးပြီး တစ်နှစ်ကျော် ကြာပြီးနောက် ရပ်ရွာဥက္ကဋ္ဌက ညကိုးနာရီခန့်တွင် လာခေါ်ကြောင်း၊ မိမိမမြင်ဖူးသော လူကြီး ၁၀ ဦးခန့်က အမျိုးသား သေဆုံးရခြင်းကို စစ်ဆေးမေးမြန်းကြောင်း၊ မိမိအနေဖြင့် မဖတ် ရသေးသော တိုင်ကြားစာအား လက်မှတ်ရေးထိုးရကြောင်း၊ ထို့နောက် မြစ်ကြီးနားခရိုင် ရဲစခန်းဝင်းတွင် သုံးလခန့် ပြင်ပအဆက်အသွယ်ဖြတ်ပြီး နေထိုင်ရကြောင်း၊ မိမိအနေဖြင့် လင်သားသေဆုံးမှုနှင့် ပတ်သက်ပြီး မည်သူကိုမျှ တရားစွဲဆိုရန် မရှိကြောင်း၊ အမှုဖြစ်ပွားပြီး ၂၀၁၂ ခုနှစ်အတွင်း ကြေအေးလွှာ ကို ဖားကန့်တရားရုံးတွင် ရေးထိုးခဲ့ပြီးကြောင်း ထွက်ဆိုခဲ့သည်။ တရားစွဲဆိုခြင်း ခံရသူ ဒေါ်ဘောက်ဂျာ က "ဒီအမှုတွေ ဖြစ်လာတာ ဘာတစ်ခုမှ မသိဘူး။ တနိုင်းဒေသ မြေယာကိစ္စတွေ စလုပ်ကတည်းက သက်ဆိုင်ရာတွေက အမျိုးမျိုး ဖိအားပေးလာတာ ရှိတယ်။ တောင်သူတွေ အနေနဲ့ ဘာရလဒ်မှ မရှိဘူးလို့ ပြောရင်ရတယ်။ ဒီဘက်တောင်သူ နေရာရဖို့ ဟိုဘက်တောင်သူတွေဆီက မြေပြန်သိမ်းတော့ အချင်းချင်း ရန်တိုက်သလို ဖြစ်နေတယ်။ အဲဒါကို လက်မခံလို့ တရားမျှတစွာလုပ်ဖို့ ကြိုးစားနေတုန်းမှာ အခုလိုကြုံရတာ။ မိုညှင်းဒေသမှာ ရဲတွေသိမ်းထားတဲ့ မြေယာကိစ္စကတော့ အခုဆောင်ရွက် နေဆဲပါ" ဟု The Daily Eleven သို့ ပြောကြားသည်။
ဒေါ်ဘောက်ဂျာ၏ ရှေ့နေဖြစ်သူ ဦးအေးမြင့်က "အမှုကတော့ ဥပဒေနဲ့ ဆန့်ကျင်ပြီး တည်ဆောက်ထား တာပါ။ တိုင်တဲ့လူက လွတ်လွတ်လပ်လပ်နဲ့ဖွင့်တဲ့ အမှုမဟုတ်လို့ ဒီလိုပြောတာ။ အဲဒီတော့ တရား စီရင်ရေး ကို အားကိုးရမှာပေါ့" ဟု ဆိုသည်။ ဒေါ်ဘောက်ဂျာသည် ယနေ့ရုံးချိန်းတွင် အာမခံ မရသေး ဘဲ နောက်တစ်ကြိမ် ရုံးချိန်ဖြစ်သည့် သြဂုတ် ၂ ရက်တွင် ပြန်လည်တရား ရင်ဆိုင်ပြီး ကြိုးစား သွားမည် ဖြစ်သည်။
ဒေါ်ဘောက်ဂျာသည် လွန်ခဲ့သော လပိုင်းအတွင်းက မိုးညှင်းမြို့နယ်ရှိ ရဲသတင်းအဖွဲ့မှ သိမ်းယူ ထားသော လယ်မြေများနှင့် နမ္မားကျေးရွာအနီးရှိ တပ်မတော်မှ သိမ်းယူထားသော လယ်မြေများ ဒေသခံ မူလတောင်သူများ ပြန်ရရန် ကြိုးစားနေသူ ဖြစ်သည်။ သူသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ယခုမွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့်နှင့် ဖားကန့်မြိုနယ်တွင် ယှဉ်ပြိုင်ရွေးချယ်ခံခဲ့ပြီး ညဘက်တွင် မဲနိုင်သည်ဟု သိရသ်ာလည်း နောက်နေ့နံနက်တွင် မဲရှုံးခြင်းကြောင့် ဦးအုန်းမြင့်အား တရားစွဲဆိုခဲ့ပြီး နေပြည်တော်တွင် ကျေအေးခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်က ကာမိုင်းမြို့နယ်တွင် သာမန်အရပ်သား ဘ၀ဖြင့် နေ့စဉ်နာမကျန်း ဖြစ်နေသော ဒေသခံ တစ်ဦးအား ကူညီခဲ့ရာတွင် ဆေးဘက် ဆိုင်ရာ လွဲချော်မှုဟု ယူဆရသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းကိစ္စအား နှစ်ဦးနှစ်ဖက်က နားလည်ကျေအေး ထားသော်လည်း ရွေးကောက်ပွဲအပြီး ၂၀၁၁ ခုနှစ်တွင် အခြားအဖွဲ့အစည်း တစ်ခုက ၀င်ရောက်စွက်ဖက်လျက် ဒေါ်ဘောက်ဂျာအား တရားစွဲဆိုခဲ့ကြောင်း၊ ယင်းအမှုကို ပြန်ကျေအေး ထားသော်လည်း ၎င်းအမှုမှာ တရားဝင်ပိတ်သိမ်းခြင်း မရှိဘဲ ပြန်လည်ဖမ်းဆီးခြင်း ဖြစ်သည်ဟု ပါတီဝင်များက ဆိုသည်။
ဒေါ်ဘောက်ဂျာသည် ဟူးကောင်းချိုင့်ဝှမ်း ဒေသအတွင်းရှိ ယုဇနကုမ္ပဏီက မြေသိမ်းယူ မှုကြောင့် ဒေသခံများဘက်မှ ရှေ့နေအဖြစ် ကူညီပေးခဲ့ခြင်း၊ တရားစွဲဆိုမှုတွင် ဦးဆောင်ခဲ့ခြင်း၊ ယုဇနကုမ္ပဏီအား ရန်ကုန်မြို့တွင် ဒေသခံများနှင့်အတူ သွားရောက်ဆန္ဒ ထုတ်ဖော်ရန် ကြိုးပမ်း ခဲ့ခြင်းများ ရှိခဲ့သည်။ ယခုချိန်တွင် ILO နှင့် ချိတ်ဆက်ကာ ကလေးစစ်သား ပြန်လည် ကယ်ဆယ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြောင်း လူမှုရေး အသင်းအဖွဲ့များက ပြောကြားသည်။ 

EMG

No comments:

Post a Comment