Sunday, September 1, 2013

Sky Net ရုပ်သံလိုင်းမှ တရားဝင် ကြေညာထားသည့် အခွင့်အရေးများအတိုင်း မပေးဟုဆိုကာ အများစု မကျေနပ်

Sky Net ရုပ်သံလိုင်းမှ သက်တမ်းကျန်ရှိနေသေးပြီး ဘောလုံးပွဲ ကြည့်ရှုရန်အတွက် ပြောင်းလဲသက်တမ်း တိုးလိုသူများအား တရားဝင် ကြေညာထားသည့်အတိုင်း အခွင့်အရေးများ မပေးသည့်သဘော ဖြစ်နေသည့် အပေါ် သွားရောက်ပြောင်းလဲ သက်တမ်းတိုးသူများက ကျေနပ်မှုမရှိကြောင်း ပြောကြားခဲ့ကြသည်။

နိုင်ငံပိုင် သတင်းစာများတွင် Sky Net ရုပ်သံလိုင်းမှ တရားဝင် ထည့်သွင်းကြော်ငြာရာ၌ ယခင် SN-2 ယူထား သူများ အနေဖြင့် ဘောလုံးပွဲများ ကြည့်ရမည့် SN-3 သို့ ပြောင်းလဲကြည့်ရှုမည် ဆိုပါက သက်တမ်းကျန်နေ သူများသည် ခြားနားသည့် ကြည့်ရှုခကို ထပ်မံပေးသွင်းခြင်းဖြင့် ပြောင်းလဲကြည့်ရှုရမည်ဟု ဖော်ပြ ထားကြောင်း သိရသည်။
ဂြိုဟ်တုထိပ်ဖူး လဲစဉ်ကလည်း တစ်လအခမဲ့ ကြည့်ရမည်ဟု ပြောကြားထားသော်လည်း ယခုသက်တမ်း တိုးရာတွင် အဆိုပါ တစ်လအား ထည့်သွင်းတွက်ချက်ပေးခြင်း မရှိသည့် မြို့နယ် အချို့ရှိကြောင်း စမ်းချောင်းမြို့နယ်တွင် သက်တမ်းသွားရောက် တိုးခဲ့သူများက ပြောကြားခဲ့သည်။
သြဂုတ် ၃၀ ရက်က စမ်းချောင်းမြို့နယ်တွင် သက်တမ်းတိုးရာ၌ မြို့နယ်အရောင်းကိုယ်စားလှယ်ရုံးနှင့် လာရောက်သက်တမ်း တိုးသူများကြား စကားများခြင်း၊ ငြင်းခုံခြင်းအချို့ပင် ဖြစ်ခဲ့ကြောင်း၊ အဓိကအချက် အနေဖြင့် Sky Net ရုပ်သံလိုင်းမှ ကြေညာထားသည်ကို ၀ယ်ယူကြည့်ရှုသူများ နားလည်ထားသည်မှာ SN-2 သက်တမ်းကျန်ရှိနေသေးသူများ SN-3 သို့ ပြောင်းလဲရာတွင် တစ်လ ကျပ် ၄၀၀၀ နှုန်းသာ ထပ်သွင်းရမည်ဟု နားလည်ထားခြင်းဖြစ်ပြီး ကြေညာရာတွင်လည်း ရှင်းလင်းမှု မရှိသည့်အတွက် ယခုကဲ့သို့ မကျေနပ်မှုများ ဖြစ်ပေါ်ရခြင်းဟု ဆိုကြသည်။
သက်တမ်းတိုးသူ ဦးခင်မောင်လတ်က "သြဂုတ်လ ၃၀ ရက်နေ့က စမ်းချောင်းမှာ သက်တမ်းတိုးတော့ လာပြီးသက်တမ်းတိုးတဲ့သူ အများစုနဲ့ မြို့နယ်အရောင်းကိုယ်စားလှယ်ရုံးနဲ့ စကားများတယ်၊ အခြေအတင် ဖြစ်ကြရတယ်။ ကြော်ငြာထားတုန်းက SN-2 သက်တမ်းကျန်သေးတဲ့သူတွေ ဘောလုံးပွဲကြည့်ဖို့ SN-3 ကို ပြောင်းမယ်ဆိုရင် လိုတဲ့ငွေ ထပ်သွင်းလို့ ပြောထားတယ်။ SN-2 က တစ်လ ၁၂၀၀၀ ကျပ်၊ SN-3 က တစ်လ ၁၆၀၀၀ ကျပ်လို့ ပြောတယ်။ ဒီတော့ SN-2 ကနေ SN-3 ပြောင်းရင် သက်တမ်းကျန်နေတဲ့လူအတွက် တစ်လ ကျပ် ၄၀၀၀ နှုန်း ထပ်သွင်းရမှာပေါ့။ ကျွန်တော်က ဒီလိုပဲ နားလည်ထားတာ။ သွင်းတဲ့အခါကျတော့ SN-2 ယူထားတဲ့သူတွေ တစ်နှစ်သက်တမ်း ကျန်တဲ့သူကိုပဲ တစ်လကျပ် ၄၀၀၀ နဲ့ သွင်းရမှာတဲ့ တစ်နှစ်မကျန်ရင် ဒီထပ်ပိုတဲ့ဈေးနဲ့ သွင်းရမယ်လို့ ပြောတယ်။ သက်တမ်းကျန်တဲ့ သူထဲမှာ တစ်နှစ်သက်တမ်း ကျန်တဲ့သူ ဘယ်သူရှိမလဲ အခုမှ စသွင်းတဲ့သူပဲ တစ်နှစ်သက်တမ်းအပြည့် ရှိမှာပေါ့။ အဲဒီထဲက လွဲနေတယ်။ အဲဒါနဲ့ ကျွန်တော့်မှာက ၅ လကျန်တဲ့အတွက် ကျန်တဲ့နှုန်း ဘယ်လောက်လည်းဆိုတော့ ၅ လကျန်ရင် တစ်လချင်း သတ်မှတ်တဲ့ အမြင့်ဆုံးဈေးနဲ့ သွင်းရမယ်လို့ ထပ်ပြောပြန်ရော။ ၆ လကျန်တဲ့သူက ဈေးနည်းနည်း သက်သာတဲ့အတွက် ၆ လကျန် ဖြစ်သွားအောင် တစ်လစာ အရင်သွင်းဆိုလို့ တစ်လစာ ကျပ် ၁၇၅၀၀ သွင်းလိုက်ရတယ်။ ပြီးတော့မှ ကျန်တဲ့ ၅ လစာကို တစ်လသူတို့သတ်မှတ်တဲ့နှုန်းနဲ့ သွင်းလိုက်ရတယ်။ မင်းတို့ မြန်မာစာကို မြန်မာလိုနားလည်အောင် ရေးမထားဘူးလို့ ကျွန်တော်ပြောခဲ့တယ် ။ နောက်တစ်ခုက ထိပ်ဖူးလဲတုန်းက တစ်နိုင်ငံလုံးကို ကြေညာထားတာ တစ်လအခမဲ့ ပေးမယ်လို့။ အဲဒီတစ်လစာ မရဘူးလားမေးတော့ မရဘူး ဘောင်ချာထဲကအတိုင်းဆိုပြီး ထပ်ပြောတယ်" ဟု ပြန်လည်ပြောပြခဲ့သည်။
သက်တမ်းသွားရောက်တိုးသူ စမ်းချောင်းမှ ဒေါ်အေးအေးကလည်း "Sky Net စပေါ်ကတည်းက တစ်နှစ်လုံးစာအပြည့် သက်တမ်းတိုးတိုးလာတာ။ ဘောပွဲကြည့်ရမယ်ဆိုပြီး ဘောပွဲမကြည့်ခဲ့ရဘူး။ ဂြိုလ်တုထိပ်ဖူး လဲတုန်းကလည်း တစ်လအလကား ကြည့်ရမယ်ဆိုပြီး အခု သက်တမ်းသွားတိုးတော့ အဲဒီတစ်လ ထည့်မတွက်ပေးဘူး။ တစ်ခါသက်တမ်းကျန်တဲ့သူတွေ လိုတဲ့ငွေ ထပ်သွင်းဆိုတဲ့ နေရာမှာလည်း တစ်နှစ်စာ သက်တမ်းမကျန်လို့ဆိုပြီး တစ်လ ၄၀၀၀ ကျပ်နဲ့ မရဘူး ပြောတယ်" ဟု ပြောပြခဲ့သည်။
မိတ္ထီလာမြို့မှ ကိုကျော်ကြီးကလည်း "သူတို့ တရားဝင် ကြေညာထားတာနဲ့ အလွဲဆုံးချက်က ကျွန်တော့်မှာ သက်တမ်း ၇ လလောက် ကျန်သေးတယ် ဘယ်လောက်ထပ်ပေးရမလဲမေးတော့ ၇ လနဲ့ တိုးလို့မရဘူး တစ်နှစ်စာ အပြည့်ဆောင်မှ ရမယ်၊ ငွေတစ်သိန်းကျော် ယူခဲ့လိုက်လို့ ပြောတယ်။ တရားဝင် ကြေညာထားတာက သက်တမ်းဘယ်လောက်ကျန်ကျန် ပြောင်းသွင်းလို့ရတယ် ပြောထားတာ။ အခုကျ မရဘူး။  တစ်လ ၄၀၀၀ ကျပ် ထပ်သွင်းရမယ့် ကိစ္စဆိုရင်လည်း သက်တမ်းကျန်တဲ့သူလို့ ပြောထားတာ။ တစ်နှစ်အပြည့်သက်တမ်း ဘယ်သူကျန်မလဲ။ တစ်နှစ်သက်တမ်းကျန်တဲ့သူ မရှိတဲ့အတွက် တစ်လ ၄၀၀၀ သွင်းဖို့ ထည့်ထည့် ကြေညာစရာ မလိုတော့ဘူး။ တစ်လကျပ် ၄၀၀၀ လို့ ထည့်ထည့်ကြေညာတော့ ကျွန်တော်တို့လည်း ၄၀၀၀ ပဲ ပေးရမယ် ထင်တာပေါ့။ အခုတိုးလိုက်တဲ့ ကိစ္စကလည်း သူတို့ဟာသူတို့ အကုန်သိမ်းပြီး လုပ်ချင်လို့ ဒေါ်လာသန်းပေါင်းများစွာပေးပြီး ဘောလုံးလိုင်းတွေဝယ်လို့ ဖြစ်တာ။ အခုတိုးတောင်းတဲ့ နှုန်းအတိုင်းဆို တစ်လကျပ် တစ်သိန်းနှစ်သိန်းပဲ ၀င်ငွေရှိတဲ့သူတွေအတွက် ကြည့်ရဖို့ အရမ်းခက်ခဲသွားပြီ" ဟု ပြောပြခဲ့သည်။

Eleven

No comments:

Post a Comment