Friday, September 13, 2013

သမ္မတရုံး ပြည်ထောင်စုဝန်ကြီး လေးဦးအား ၀န်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအကြား ပေါင်းစပ်ညှိနှိုင်းရေး တာဝန်ခံ ပြည်ထောင်စု ၀န်ကြီးများအဖြစ် တာဝန်ပေးအပ်

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လေးဦးအား ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် တိုင်းဒေ သကြီး/ ပြည်နယ်အစိုးရများအကြား ပေါင်းစပ်ညှိနှိုင်းရေးတာဝန်ခံ ပြည်ထောင်စုဝန်ကြီးများအဖြစ် တာဝန်ပေးအပ် ထားကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ပေါင်းစပ်ညှိနှိုင်းရေးတာဝန်ခံ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရသူများမှာ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးလှထွန်းတို့ ဖြစ်ကြောင်း သိရသည်။

သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား စီးပွားရေးပြုပြင် ပြောင်းလဲမှုညှိနှိုင်းရေး တာဝန်ခံ ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အား နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ညှိနှိုင်းရေးတာဝန်ခံ ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံး ၀န်ကြီးဌာန (၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းအား ပုဂ္ဂလိကဖွံ့ဖြိုးရေး ပြုပြင်ပြောင်းလဲမှု ညှိနှိုင်းရေး တာဝန်ခံ ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၆) ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းအား အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု ညှိနှိုင်းရေးတာဝန်ခံ ပြည်ထောင်စုဝန်ကြီး စသည်ဖြင့် တာဝန်ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဒုတိယသမ္မတ နှစ်ဦးနှင့် အဆိုပါ ပြည်ထောင်စု ၀န်ကြီး လေးဦးပါဝင်သည့် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ (Reform Steering Committee) ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များဖြစ်သည့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း (Peace Building)၊ နိုင်ငံတည်ဆောက်ခြင်း (State Building)၊ အမျိုးသားရေး တည်ဆောက်ခြင်း (National Building) တို့ကို ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ၊ နည်းဗျူဟာများ လမ်းညွှန်ချမှတ် ဆောင်ရွက်ရန်၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရေး အခြေခံ မူဘောင်ချမှတ်၍ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ၊ နည်းဗျူဟာများ လမ်းညွှန်ချမှတ် ဆောင်ရွက်ရန်၊ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ရှိသည့် သန့်ရှင်းသော အစိုးရဖြစ်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားရေး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင် သည့် ပြည်သူ့ဝန်ဆောင်သော အုပ်ချုပ်ရေး အဖွဲ့အစည်းများအဖြစ် ပြုပြင်ပြောင်းလဲနိုင်ရန် လုပ်ငန်းစဉ်များ လမ်းညွှန်ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုး တိုးတက်ရန် အားပေးမြှင့်တင်မည့် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်ရန် အစရှိသည့် အချက်များကို ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ က ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment