Sunday, September 1, 2013

ပြည်သူ့အသံ နားထောင်ပြီး ကိုယ်ချင်းစာတရား ထားပါက တရားစီရင်ရေးမဏ္ဍိုင် လက်ညှိုးထိုးခံရတော့မည် မဟုတ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား

AA-1-9
ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးအား သြဂုတ် ၂၉ ရက်က မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ပြည်သူ့အသံ နားထောင်ပြီး ကိုယ်ချင်းစာတရားသာ ရှိမည်ဆိုပါက တရားစီရင်ရေးမဏ္ဍိုင်ကို မည်သူမျှ လက်ညှိုးထိုးစရာ အကြောင်းမရှိတော့ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြား
သည်။ သြဂုတ် ၃၀ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကိုးတဲ့ကျေးရွာအုပ်စု၊ ကျောင်းစုရွာမှ ဒေါ်မစန်း၏ ငွေချေးယူသည့် အမှုကိစ္စနှင့် ဆက်စပ်၍ တရားဆုံးဖြတ်မှုများကြောင့် နစ်နာခဲ့သည်ဟုဆိုကာ တိုင်ကြားမှုအား လွှတ်တော် စုံစမ်းရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး တင်ပြချက် အစီရင်ခံစာပါ အကြံပြုချက် များအပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြန်လည်ဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးချက်နှင့် စပ်လျဉ်း၍ ဥပဒေ ကြမ်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁(က) အခန်း (၁)နိုင်ငံတော် အခြေခံမူများတွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့ စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ကို ခံစားခွင့်ရှိကြောင်း၊ အဆိုပါအချက်သည် ဥပဒေရှေ့မှောက်တွင် နိုင်ငံ သားတိုင်း တန်းတူခံစားခွင့် ရှိသည်ဆိုသည့် အနှစ်သာရဖြစ်ကြောင်း၊ ယနေ့ပြောဆိုနေကြသော  တရားဥပဒေ စိုးမိုးရေး (Rule of La)သည် အထက်ပါ ကိစ္စပင်ဖြစ်ပြီး ဆင်ခြင်တုံတရားနှင့် ဆုံးဖြတ်နိုင် သည်ဖြစ်၍ မတူညီသည်များ ရှိနိုင်ပြီး မတူညီမှု ရှိသည်မှာ သဘာဝကျသော်လည်း အလွန်ကွာခြား၍ မတူညီမှုမျိုးများ မဖြစ်ရေး ထိန်းသိမ်းရန် လိုအပ်ကြောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။
ထို့အပြင် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မိမိတို့ လွှတ်တော်တွင် ငွေချေးသည့်ကိစ္စနှင့် ပတ်သက်၍ ရောက်ရှိသည့် စာများအများကြီးရှိ၍ စိတ်မကောင်းစရာ ဖြစ်ရကြောင်း၊ တရားဝင် ငွေချေးလိုင်စင် မရှိဘဲ ချေးသည့်အတိုးနှုန်းမှာလည်း ဥပဒေနှင့် မကိုက်ညီကြောင်း၊ မသိနားမလည်သည့် ပြည်သူများကိုလည်း အရောင်းအ၀ယ် စာချုပ်များတွင် အမျိုးမျိုး လက်မှတ်ထိုးခိုင်း၍ နောက်ဆုံးတွင် အိမ်၊ မြေသိမ်းဆည်းမှုများ ပြုလုပ်ကြောင်း၊ ငွေချေးမိ၍ ဘ၀ပျက်သွားလောက်သည့် အခြေအနေမျိုးဖြစ်ကြောင်း၊ ယင်းကိစ္စများသည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တော်တော်ပျံ့ပျံ့နှံ့နှံ့ ဖြစ်နေပြီး ဂရုစိုက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
တောင်သူလယ်သမား မိသားစုတစ်ခုသည် ကြွေးတင်ကျွန်ဖြစ်ပြီး သားစဉ်မြေးဆက် ဒုက္ခရောက်ကြောင်း၊ တရားမ၀င် ငွေချေးစားသည့် လုပ်ငန်းများ၏ အကျိုးဆက်ဖြစ်ကြောင်း၊ ယခုအမှုသည် ဥပမာတစ်ခုဖြစ်ကြောင်း၊ တရားသူကြီး ဆိုသည်မှာ တင်ပြလာသည့် စာရွက်စာတမ်းပေါ်တွင် ဆုံးဖြတ်သည်မှာ မှန်ကန်ကြောင်း၊ သို့ရာတွင် ပတ်ဝန်းကျင်မှာ ဖြစ်နေသည့် ယခုကဲ့သို့ ဆိုးရွားလှသည့် လူမှုရေး ပြဿနာကို မျက်ကွယ်မပြုသင့်ကြောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။
"အမှုတစ်ခု တင်လာတဲ့ကိစ္စက ဒီလူသည် တရားမ၀င် ငွေချေးစားနေတယ်လို့ ယုံကြည်စရာ အကြောင်းရှိတယ် ဆိုရင် အဲဒီအကြောင်းအရာပေါ်မှာ မူတည်ပြီးတော့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတာကို ခေါင်းထဲထည့်ရပါမယ်။ ဥပဒေစာအုပ်တွေ ရှိပါတယ်။ ဥပဒေ စာအုပ်တွေကို ဖတ်တဲ့အခါမှာ Spirit of Law အရ ဒါကိုပဲ ကျွန်တော်တို့က အဓိက ထားရပါမယ်။ ဥပဒေကို ဘာသာပြန်တဲ့အခါမှာ ဒီစံ၊ ဒီအခြေခံမူ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အခြေခံမူ ဒါကိုတော့ မမှိတ်မသုန် စံထားပြီးတော့မှ နောက်တစ်ချက်က ကိုယ်ချင်းစာ တရားပေါ့။ အကယ်၍ ငါများအမှုဖြစ်သော်၊ အကယ်၍ ငါများအပြစ်မရှိ ပါဘဲနဲ့ တရားစွဲခံရခဲ့သော် အကယ်၍ ငါများဆိုတဲ့ ကိုယ်ချင်းစာတရားသာ ရှိမယ်ဆိုရင် တရားစီရင်ရေး မဏ္ဍိုင်ကို ဘယ်သူမှ လက်ညှိုးထိုးစရာ အကြောင်းမရှိတော့ဘူး။ ဒါတွေနဲ့ ပတ်သက်ပြီး ဒီနေ့ပြည်သူကြားမှာ ဖြစ်နေတဲ့ သဘောထားတွေလည်း ပြန်ကြားဖို့ လိုတယ်။ ပြည်သူ့အသံ နားထောင်ဖို့ လိုပါတယ်။ ပြည်သူ့အသံ နားထောင်ပြီးတော့မှ တရား စီရင်ရေး မဏ္ဍိုင်ကို အခုဝေဖန်နေတာတွေကို ပွင့်ပွင့်လင်းလင်း ပြောရရင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးက တက်တက်ကြွကြွ လုပ်နေတယ်။ တရားစီရင်ရေး မဏ္ဍိုင်က ကျန်နေတယ်ဆိုတဲ့ ဝေဖန်နေတဲ့ အသံတွေဟာ ငြင်းလို့မရပါဘူး" ဟု ဦးခင်အောင်မြင့်က ပြောကြားသည်။
ထိုကဲ့သို့ ကိစ္စရပ်များ ရှိနေသည့်အတွက် အချုပ်အခြာအာဏာ သုံးရပ်အား တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံးပြီးမှ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရမည်ဖြစ်ကြောင်း၊ ပိုင်းခြားကျင့်သုံးသည်မှာ ယတိပြတ် ပိုင်းခြားကျင့်သုံးခြင်း မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တတ်နိုင်သမျှဆိုသည့် စကားရပ် ပါကြောင်း၊ တရားရုံးတစ်ရုံး၏ ဆုံးဖြတ်ချက် မချသေးရသည့် အမှုကိစ္စကို လွှတ်တော်၌ ဆွေးနွေးခြင်း မပြုရဟု လွှတ်တော်နည်းဥပဒေတွင် ပြဋ္ဌာန်းထားခြင်းသည် စည်းတားထားသည့် သဘောပင်ဖြစ်ကြောင်း၊ သို့သော် ဆုံးဖြတ်ချက် ချပြီးသား ကိစ္စမှန်သမျှ လွှတ်တော်တွင် ဆွေးနွေးထောက်ပြပိုင်ခွင့် ရှိကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ဒေါ်မစန်းအမှုနှင့် ပတ်သက်၍ လွှတ်တော်မှ ၀င်ရောက်စုံစမ်းခြင်းကို ထောက်ပြပြောဆိုထားမှုအား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဥပဒေများနှင့် ပြန်လည်ရှင်းလင်း ပြောကြား သည်။

ယင်းအပြင် တရားလွှတ်တော်ချုပ် တရားသူကြီး အနေဖြင့် အောက်ခြေ မိမိအဖွဲ့အစည်းများအား တစ်ဖက်သာ ကာကွယ်မည် ဆိုပါက မိမိကိုယ်တိုင် တာဝန်မကင်း ဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အားလုံး အဆင့်ဆင့်ပြင်ရန် လိုကြောင်း၊ ပြင်ရန်လိုရာတွင်လည်း နှုတ်ဖြင့်မိန့်ခွန်းပြော၍ ပြင်လို့မရကြောင်း၊ လွှတ်တော် မှာရှိသည့် တရားဥပဒေ စိုးမိုးရေး တည်ငြိမ်အေးချမ်းရေး ကော်မတီကလည်း အကုန် လုံးထောင့်စေ့အောင် မလုပ်နိုင်ကြောင်း၊ ကာယကံရှင် တရားသူကြီး အဆင့်ဆင့်က တရားဥပဒေ စိုးမိုးရေး (Rule of Law)ရရန် သန္နိဋ္ဌာန် ချရန်လိုကြောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။ 

Eleven

No comments:

Post a Comment