Sunday, September 1, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး စင်ကာပူ ခရီးစဉ်တွင် မြန်မာနိုင်ငံ အပြောင်းအလဲ ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလအတွင်း စင်ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်ပြီး စင်ကာပူနိုင်ငံတွင် စက်တင်ဘာ ၂၀ မှ ၂၂ ရက်ထိ ကျင်းပမည့် ထိပ်သီးအစည်းအဝေးပွဲတွင် "မြန်မာနိုင်ငံ အပြောင်းအလဲ" ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။
ဖိတ်ကြားထားသူများသာ တက်ရောက်ခွင့်ရသည့် အဆိုပါ အစည်းအဝေးပွဲသည် Global-Asia၊ စင်ကာပူ စီးပွားရေးဖွံ့ဖြိုးမှု ဘုတ်အဖွဲ့၊ စင်ကာပူ ငွေကြေးအာဏာပိုင် အဖွဲ့တို့က ကုန်သွယ်ရေး ၀န်ကြီးဌာန၊ ဘဏ္ဍာရေး ၀န်ကြီးဌာနတို့နှင့် ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။
ယခုအချိန်တွင် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး အကူးအပြောင်း ကာလတွင် ရောက်ရှိနေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ သွားရောက်သည့် ရည်ရွယ်ချက်များတွင် စင်ကာပူနိုင်ငံ၏ ဖွံ့ဖြိုးမှု လမ်းကြောင်းများထဲမှ သင်ခန်းစာ ယူရန်လည်း ပါဝင်ကြောင်း သိရသည်။
စင်ကာပူ အမျိုးသားတက္ကသိုလ်မှ အရှေ့အာရှ လေ့လာရေးပညာရှင် Dr Alistair Cook က "စီးပွားရေး တိုးတက်မှုကို မြန်မာပြည်သူတွေ ခံစားရဖို့ဆိုရင် ပွင့်လင်းမြင်သာမှု၊ နိုင်ငံရေး ပြောင်းလဲမှု၊ တရားစီရင်ရေး အမှီအခိုကင်းမှု၊ တရားဥပဒေ စိုးမိုးမှုနဲ့ တရားမျှတမှုတွေလည်းရှိဖို့ လိုအပ်ပါတယ်" ဟု ပြောကြားသည်။
ထို့ပြင် "သူ့အနေဖြင့် နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေး ပဋိပက္ခတွေ ဖြေရှင်းဖို့ လိုအပ်တဲ့ အရေးနဲ့ ပတ်သက်ပြီးတော့ ပြောပါလိမ့်မယ်။ သူ့အနေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ လူ့အသိုင်းအ၀ိုင်း နှစ်ခုကြား တင်းမာမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုမယ်လို့ မျှော်လင့်ရပါတယ်။ ပြီးတော့ ဒီအပြောင်း အလဲကို အရှိန်ကောင်းနေအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုနိုင်ပါတယ်" ဟု Dr Alistair Cook က ဆက်လက်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်အပြီးတွင် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံ အပါအ၀င် နိုင်ငံအတော် များများသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဖြစ်သည်။ ယခု စင်ကာပူခရီးစဉ်သည် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် သွားရောက်လည်ပတ်ခဲ့သည့် ထိုင်းနိုင်ငံအပြီး ဒုတိယအကြိမ်အဖြစ် မြန်မာ့အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံသို့ သွားရောက်ခြင်း ဖြစ်သည်။
"ကျွန်တော်ထင်တာတော့ ဒီအစည်းအဝေးပွဲဟာ အရေးကြီးမှန်း သူသိတယ်။ ဒီအစည်းအဝေးပွဲဟာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ အများကြီး ရှိနိုင်တဲ့ အစည်းအဝေးပွဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အပြောင်းအလဲမှာ အရေးပါတဲ့ အရာတစ်ခုဆိုတာ သိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပွဲတက်ဖို့ ရွေးချယ်လိုက်တာ ဖြစ်ပါလိမ့်မယ်။ ဒီပွဲမှာ သူ့အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတွေ၊ စိန်ခေါ်မှုတွေ အကြောင်းနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အာမခံချက်တွေ ရှိနေအောင် ပွင့်လင်းမြင်သာမှု ကိစ္စကိုလည်း မြှင့်တင်ဖို့ လိုတယ်ဆိုတာကို ပြောဆိုပါလိမ့်မယ်" ဟု Dr Alistair Cook က ပြောကြားသည်။
၎င်းက "စင်ကာပူဟာ မြန်မာရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဆဋ္ဌမမြောက်အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်ပါတယ်။ အာဆီယံ နိုင်ငံများအတွင်း အကြီးဆုံးသော ငွေကြေးဗဟိုဌာနဖြစ်ပြီး မြန်မာနိုင်ငံ အပြောင်းအလဲတွေကို အထောက်အကူပြုနိုင်ဖို့ အရေးကြီးပါတယ်" ဟု ပြောကြားသည်။
စင်ကာပူနိုင်ငံရှိ မြန်မာကလပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစကားပြောဆိုနိုင်ရန် အနည်းဆုံး မြန်မာနိုင်ငံသား ၃၀၀၀ တက်ရောက်နိုင်မည့် ပွဲတစ်ခု စီစဉ်နေလျက် ရှိသည်။

မြန်မာကလပ်၏ နာယက ဦးရွှေဥာဏ်ဝင်းက "ကျွန်တော်တို့တွေဟာ ဒီကိုသူလာမယ်ဆိုတဲ့ အတွက်ကြောင့် အရမ်းကို ၀မ်းသာနေပါတယ်။ နိုင်ငံအတွက်ရော ပြည်ပရောက် မြန်မာတွေအတွက်ရော သူ့ရဲ့အစီအစဉ်တွေ ကို မျှော်လင့်နေပါတယ်။ ကျွန်တော်တို့ လက်ရှိအစိုးရ သမ္မတဦးသိန်းစိန်နဲ့ ၀န်ကြီးဦးစိုးသိန်းတို့ရဲ့ အစီ အစဉ်တွေနဲ့ ပတ်သက်တာကိုတော့ ကြားသိပြီးပါပြီ" ဟု ဆိုသည်။

Eleven

No comments:

Post a Comment