Friday, September 13, 2013

အစိုးရ၏ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးမှသည် စစ်မှန်သည့် ပြည်ထောင်စု အစိုးရစစ်စစ်ဆီသို့

သြဂုတ်လ(၁)ရက်က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နိုင်ငံပိုင်ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောခဲ့ရာ၌ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ၀န်းကျင်ကတည်းက အိပ်မက်,မက်ခဲ့ ကြရသည့် ပြည်ထောင်စုစစ်စစ်ဖြစ်ရေး အိပ်မက်၏ အရိပ်အယောင်များကို မြင်လိုက်ကြရသလို ဖြစ်လာသည်ဟု ပြောကြပါသည်။ ဆိုလိုသည်မှာ တိုင်းနှင့်ပြည်နယ် အစိုးရများကို ပိုမိုလုပ်ပိုင်ခွင့်ပေးပြီး ဗဟိုဦးစီးစနစ်ကို လျှော့ချရန်လိုအပ်ကြောင်း သမ္မတကြီး၏ ပြောစကားမှာ တစ်နည်းအားဖြင့်ဆိုလျှင် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်မူထဲမှ အာဏာခွဲဝေရေး ပြဿနာကို လက်ရှိအာဏာရ အစိုးရကိုယ်တိုင်က သူ့နည်းသူ့ဟန်ဖြင့် စတင် အကောင်အထည်ဖော်ခဲ့ပြီလောဟု ယူဆရမလို ဖြစ်လာခဲ့ပါသည်။ လှိုက်လှဲစွာ ကြိုဆိုကြရမည့် မိန့်ခွန်းပင်ဖြစ် ပါသည်။

အမှန်စင်စစ် တိုင်းပြည်၏ လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ယင်းဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ၏ အ၀န်းအ၀ိုင်းအတွင်းတွင်ပင်လည်းကောင်း အကျွမ်းဝင်သည့် တိုင်းနှင့်ပြည် နယ် များ၏ အာဏာခွဲဝေမှု အနေအထားမှာ လက်ရှိအစိုးရ၏ လပေါင်း (၃၀) ကျော်အတွင်း အသက်ဝင် ထင်ရှား မရှိခဲ့ဆိုသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ယင်း အခြေအနေကို သြဂုတ်လ (၁)ရက်က ပြောကြား သွား သည့် သမ္မတကြီး၏ မိန့်ခွန်းကလည်း သွယ်ဝိုက်သော နည်းအားဖြင့် ၀န်ခံသွား သလို ဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက လက်ရှိအခြေခံဥပဒေသည် ဗဟို ချုပ်ကိုင်မှု များလွန်းနေပြီး တိုင်းနှင့် ပြည်နယ်အစိုးရများ၏ အသုံးစရိတ်ဘတ်ဂျက်သည် လွတ်လပ်မှု မရှိသလို ပြည်ထောင်စုအစိုးရက နိုင်ငံ့အသုံးစရိတ်၏ ထက်ဝက်ကို သုံးပြီး ကျန်ထက်ဝက်ကို တိုင်းနှင့် ပြည်နယ် အစိုးရများကို ခွဲဝေပေးစေလိုကြောင်း အဲဒီ သြဂုတ်လ (၁)ရက်မှာပဲ တောင်ကြီးမြို့ ကျားဖြူပါတီ ရုံးခန်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည့် စကားမှာလည်း တိုင်းနှင့်ပြည်နယ်များ၏ စစ်မှန်သော အကျိုးခံစားခွင့် တစ်နည်းအားဖြင့်ဆိုလျှင် တရားမျှတသော အကျိုးခံစားခွင့်ကို အတိအကျဟု မဆိုသာသည့်တိုင် တစ်စုံတစ်ရာ ထင်ဟပ်သည့် စကားအဖြစ် ယူဆရမည်ပင် ဖြစ်သည်။

သည်လိုအခြေအနေမှာပင် မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း (MDRI) ၏ သုတေသန ပညာရှင်များကလည်း လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အုပ်ချုပ်ရေး အပိုင်းတွင် ၀န်ကြီးများအား ဗဟိုချုပ်ကိုင်မှုဖြင့် ခန့်ထားခြင်း၊ ထိုဝန်ကြီးများတွင် အာဏာ မရှိဖြစ်နေခြင်း၊ ဗဟိုနှင့် တိုင်းနှင့်ပြည်နယ်များ၏ ဘဏ္ဍာငွေခွဲတမ်း အလွန်အမင်း မမျှတခြင်းတို့ကို အခြေခံကာ အစိုးရအနေနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရန် အလှမ်းဝေးနေဆဲဟုပင် ထောက်ပြထားသည် ကိုလည်း တွေ့ကြရ၏။

လွှတ်တော်အတွင်း ရခိုင်တိုင်းရင်းသား အမတ်များကဆိုလျှင် သယံဇာတ အကျိုးခံစားခွင့် ဥပဒေကြမ်းကို လွှတ်တော်တင်ရန်အထိ ကြိုးပမ်းလာကြခြင်းမှာလည်း တိုင်းနှင့် ပြည်နယ်များ၏ ရပိုင့်ခွင့်များကို ဘောင် အတွင်း မှ တောင်းဆိုလာကြသည့် အရိပ်လက္ခဏာများဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်ပါ။

မိမိတို့တိုင်းပြည်တွင် အာဏာရှင်စနစ်မှ ကူးပြောင်းခဲ့ပြီဖြစ်သည်ဆိုသော်ငြား၊ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်လျှောက်လှမ်းနေပြီဟုဆိုသော်ငြား၊ ဗဟိုအစိုးရနှင့် ပြည်နယ်နှင့်တိုင်းများ အာဏာခွဲဝေ မှုနှင့် အခြား ပိုင်ဆိုင်ခွင့် ရပိုင်ခွင့်များမှာ တရားနည်းလမ်းကျစွာ အားလုံးသဘောတူ ကျေနပ်သည်အထိ အကောင်အထည်ဖော်မှုဆိုသည်မှာ ခက်ခဲမည်ဖြစ်သော်ငြား မလွဲမသွေ ရင်ဆိုင်ဖြေရှင်းကြရမည့် ပြဿနာ များ ဖြစ်ပါသည်။

ဗဟို၊ တိုင်းနှင့်ပြည်နယ်များ အာဏာခွဲဝေမှုစကား၊ ရပိုင်ခွင့်စကားများကို နှစ်ပေါင်း ၆၀ ကျော် မြိုသိတ် ထားခဲ့ကြရာမှ အခုလို တရားဝင် တိုင်းသိပြည်သိ ပြောဆိုခွင့်ရလာသည့် အချက်ကမူ တိုင်းပြည်အနာဂတ် အတွက် အလွန်ကောင်းမွန် သော အလားအလာကောင်းများဟု ဆိုရပါမည်။

လက်ရှိပြောဆိုနေကြသော စကားများ၊ လက်ရှိငြင်းခုန်ဆွေးနွေးနေကြသော အချက်အလက်များသည် ညီညွတ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် မတူကွဲပြားခြားနားသူများ ငြိမ်းချမ်းစွာ အတူပူးပေါင်းနေထိုင်ရေး မူအပေါ် မူတည်ကာ ပြောကြဆိုကြ ငြင်းခုန်ဆွေးနွေးနေကြသည့် ဖြစ်ပေါ်တိုးတက်မှုများကို ထောက်ရှု လျှင်မူ မိမိတို့ တိုင်းပြည်၏ အနာဂတ် ပြည်ထောင်စု စစ်စစ်ပန်းတိုင်မှာ ပိုမိုနီးကပ်လာနေပြီလောဟု မျှော် လင့်ရ ပါသည်။ 
 
MizzimaBurmese
 

No comments:

Post a Comment