Wednesday, September 18, 2013

ယင်းချောင်းရေ တိုက်စားမှုကြောင့် မကွေး-နေပြည်တော် ကားလမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်းတစ်ခု ပြုပြင်နေစဉ်မှာပင် ပေ ၃၀ ခန့် ထပ်မံပြိုကျ

စက်တင်ဘာ ၁၃ ရက်တွင် မိုးဆက်တိုက် ရွာသွန်း၍ စက်တင်ဘာ ၁၅ ရက်က ယင်းချောင်းရေ တိုက်စား ကာ ချဉ်းကပ်လမ်း ပြိုကျခဲ့ရသည့် မကွေး-နေပြည်တော် ကားလမ်းပေါ်ရှိ ယင်းချောင်းတံတား ချဉ်းကပ်လမ်းအား ပြိုကျပြီးပြီးချင်း ပြုပြင်နေစဉ်မှာပင် စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ပေ ၃၀ ခန့် ထပ်မံပြိုကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြို့သစ်မြို့နယ် အတွင်းရှိ အဆိုပါ ယင်းချောင်းတံတားအား ၂၀၁၁ ခုနှစ် မတ် ၂၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း စက်တင်ဘာ ၁၅ ရက်က ပြိုကျမှုမှာ ဒုတိယအကြိမ်မြောက် ဖြစ်ခဲ့ပြီး မိုးဆက်တိုက်ရွာသွန်း၍ ယင်းချောင်းရေ ထပ်မံမြင့်တက်လာသောကြောင့် ပြုပြင်နေစဉ်မှာပင် ထပ်မံပြိုကျ ခဲ့ရကြောင်း သိရသည်။

"မိုးက ဒီနေ့တစ်နေကုန် တစ်နာရီလောက် တိတ်လိုက်ပြန်သဲလိုက် ဖြစ်နေခဲ့တယ်။ ညနေပိုင်း မိုးတိတ်ပြီး တံတားထပ်ပြိုတယ်ဆိုလို့ သွားကြည့်တော့ ချဉ်းကပ်လမ်းက ၁၀ ပေလောက် ထပ်ပါသွားတယ်။ ည ၉ နာရီလောက်မှာ တစ်ကြိမ်သွားကြည့်တော့ ပေ ၃၀ လောက် ထပ်ပါသွားတာ တွေ့ခဲ့တယ်။ သက်ဆိုင်ရာ ဌာနတွေလည်း ညတွင်းချင်း ပြင်နေကြတယ်" ဟု မြို့သစ်မြို့မှ ကိုလင်းပိုက ပြောကြားသည်။

ယင်းချောင်းတံတား ပြိုကျမှုကြောင့် မြို့သစ်-မကွေး ပြေးဆွဲသော လိုင်းကားများ ရပ်နားထားရပြီး အဆိုပါလမ်းမှ ဖြတ်သန်းသည့် မကွေး-ရန်ကုန် လိုင်းကားများနှင့် မကွေး-နေပြည်တော် လိုင်းကားများမှာ အခြားလမ်းများမှ ပြောင်းလဲသွားလာ နေရကြောင်း၊ ပြိုကျခဲ့သည့် ချဉ်းကပ်လမ်းနေရာတွင် သံပေါင်ဘေလီ တံတားများထိုးကာ ပြုပြင်နေကြောင်း သိရသည်။

(ယင်းချောင်းရေ တိုက်စားမှုကြောင့် ပြိုကျသွားသော တံတားအား ပြုပြင်မှုများ ပြုလုပ်နေစဉ်)

Eleven Media Group

No comments:

Post a Comment