Wednesday, September 18, 2013

မန္တလေးဒေသထွက် ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက် များကို အောက်ပိုင်းဒေသ များသို့ ရေကြောင်း ခရီးဖြင့် တင်ပို့ရမှု ပိုမိုတွင်ကျယ်လာ


မန္တလေးဒေသထွက် ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်များကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသများသို့ တင်ပို့ရာတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြောင်းခရီးဖြင့် တင်ပို့ရမှု ပိုမိုတွင်ကျယ် လာကြောင်း သိရသည်။

"ရေလမ်းကနေ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်တွေကို တစ်နှစ်ပတ်လုံး တင်ပို့ပါတယ်။ ရန်ကုန်နဲ့ ဧရာဝတီတိုင်း ဒေသတွေကတော့ ပုံမှန်တင်ပို့ရတယ်။ အထက်ပိုင်းနယ်တွေကို စီမံကိန်းတွေရှိရင် တင်ပို့ပေးရတယ်။ ရေများတဲ့ ကာလမှာ ရေကြောင်းကောင်းမွန်တော့ ရေနည်းကာလတွေ ထက် ကျောက် ပိုတင်ပို့မှု ပိုများတယ်။ သင်္ဘောအရွယ်အစားပေါ် မူတည်ပြီး ကျောက်ကျင်းရေ ၁၀၀ ကျော်ကနေ ၃၀၀ ကျော်အထိ တင်နိုင်တယ်" ဟု ကျောက်လုပ်ငန်း လုပ်ကိုင်သူ ဦးဇော်ကြီးက ပြောကြားသည်။

ကျောက်တင်ပို့မှု လုပ်ငန်းများကို မန္တလေးမြို့ ဧရာဝတီဆိပ်ကမ်း တစ်လျှောက်ရှိ ချော်ဆိပ်နှင့် ပေပင်ဆိပ် တို့မှတစ်ဆင့် အောက်ပိုင်းနှင့် အထက်ပိုင်း ဒေသများသို့ ပုံမှန်တင်ပို့လျက်ရှိရာ မြစ်ရေများချိန် ကာလတွင် ကျောက်တင်သင်္ဘောများ ဆိပ်ကမ်းဆိုက်ကပ်ရန် နေရာအခက်အခဲ ဖြစ်ပေါ် မှုကြောင့် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဆိပ်ကမ်းနေရာ (အမြောက်ဆိပ်) တွင် ယာယီပြောင်းရွှေ့ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် ထုံးဘို၊ အုန်းချောကျေးရွာမှ ထွက်ရှိသော ကျောက်များကို မန္တလေးဆိပ်ကမ်းမှ မကွေး၊ ပခုက္ကူ၊ ရွှေပြည်သာ၊ ကြံခင်း၊ ရန်ကုန်၊ ပုသိမ်၊ ဖျာပုံ ဆိပ်ကမ်းများသို့ တင်ပို့ရပြီး ယခင်နှစ်ပိုင်း အတွင်းက ထီးချိုင့်၊ ကသာမြို့များသို့လည်း တင်ပို့ရကြောင်း၊ မြစ်ဆိပ် အရောက် ကျောက်တစ်ကျင်းလျှင် ကျပ်နှစ်သောင်းကျော်မှ သုံးသောင်းကျော် အတွင်းရှိပြီး တစ်နေ့လျှင် ပျမ်းမျှကျင်းရေ ၂၀၀ ကျော် တင်ပို့ရကြောင်း သိရသည်။

(မန္တလေးဆိပ်ကမ်းမှ ဆောက်လုပ်ရေး လုပ်ငန်းသုံးကျောက်များ ပို့ဆောင်နေစဉ်)

No comments:

Post a Comment