Tuesday, September 17, 2013

ယောက္ခထီးနှင့် ချွေးမတို့ ဓာတ်လိုက်သေဆုံးခဲ့မှု ရွှေပြည်သာတွင် ဖြစ်ပွား

ယောက္ခထီးနှင့် ချွေးမတော်စပ်သူတို့ နှစ်ဦးစလုံး ဓာတ်လိုက်သေဆုံးခဲ့မှုတစ်ခု ရွှေပြည်သာမြို့နယ်တွင် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ရွှေပြည်သာဆေးရုံသို့ ဓာတ်လိုက်ခံထားရသော လူနာနှစ်ဦးရောက် ရှိနေကြောင်း ည ၇ နာရီ ၄၅ မိနစ် အချိန်တွင် သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြရာ ဓာတ်လိုက်ခံထားရသူတို့ မှာ (၂၀) ရပ်ကွက် ၊ မကွေး (၁) လမ်းအမှတ် (၄၅၁) တွင် နေထိုင်ကြသူ များဖြစ်သည့် ဦးမြင့်ရွှေ (၆၄) နှစ်နှင့် ယင်း၏ ချွေးမတော်စပ်သူ မဇင်ဇင်ထွန်း (၂၀) နှစ်တို့ ဖြစ်ကြောင်း အတည်ပြုထားသည်။

၎င်းတို့အား ရွှေပြည်သာဆေးရုံမှ အင်းစိန်ဆေးရုံသို့ လွဲပြောင်းစဉ်လမ်းတွင်ပင် သေဆုံးသွားခဲ့ကြသည်ဟု ရဲတပ်ဖွဲ့ကဆိုထားသည်။ ဓာတ်လိုက်ခံရသော အကြောင်းအရင်းမှာ ဦးမြင့်ရွှေသည် ရေးချိုးရန် အင်္ကျီကို ချွတ်ပြီး အ၀တ်တန်း သံကြိုးပေါ်သို့ တင်စဉ်သံကြိုးတန်းမှာ နှစ်ပင်လိမ်လျှပ်စစ်ဓာတ်ကြိုးဖြင့် ချည်ထားသဖြင့် လျှပ်စစ်ဓာတ်အား ၀င်နေရာမှ ဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းကို ချွေးမဖြစ်သူက လှမ်းဆွဲခဲ့ရာမှ နှစ်ဦးစလုံး ဓာတ်လိုက်ခံခဲ့ ရခြင်းဖြစ်သည်ဟု ရဲ တပ်ဖွဲ့က ကနဦးသိရှိထားသည်။

ဦးမြင့်ရွှေမှာ ၀ဲလက်ညိုးနှင့် လက်မကြားပေါက်ပြဲဒဏ်ရာရရှိပြီး သေဆုံးခဲ့ကာ မဇင်ဇင်ထွန်းမှာမူ ဒဏ်ရာ မတွေ့ရှိဘဲ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။

သေဆုံးသူ အလောင်းများအား အင်းစိန်ဆေးရုံက ပီအာရ် ၀၃နှင့် ပီအာရ် ၀၄ တို့ဖြင့် လက်ခံထားသည်။ ယင်းသေဆုံးမှုကို ဓမ္မတာတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးနိုင်ရန် ဒု-ရဲအုပ် အောင်မြင့်က တရားလိုပြုလုပ် တိုင်တန်းထားသည်။ ယင်းတိုင်တန်းချက်ကြောင့် ရွှေပြည်သာ ရဲစခန်းက သေမှု သေ ခင်းအမှတ်စဉ် ၂၁/ ၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးလျက် ရှိသည်ဟု တိုင်းရဲဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment