Tuesday, September 17, 2013

စားစရာအလှူခံတဲ့မြန်မာ ၂ဦးကို ထိုင်းရဲ၉ဦးက၀ိုင်းဖမ်း

လုပ်အားခမရသဖြင့် ထမင်းစားစရာ မရှိဖြစ်နေကြသည့်  အလုပ်သမားတစ်ရာကျော်အတွက် စားစရာ ဆန်နှင့် သောက်စရာရေများအကူညီ ရလိုရငြားအလှူခံရန်ထွက်လာကြသည့် အလုပ်သမားဇနီးမောင်နှံ တို့အား ထိုင်းပုလိပ် ၉ ဦးက ၀ိုင်းဝန်းဖမ်း ဆီးခဲ့သည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရသီဝပ် ခရိုင်၊ ရှန်ခိုင်းဂလုတ်မြို့ (Buketta) ဘူကစ်တာအရပ် တွင် ရှိသော  AEK  SUPACHOK ဆောက် လုပ်ရေး ကုမ္ပဏီ တွင် လုပ်အားခ ရရန်စောင့်ဆိုင်းနေကြသည့်  မြန်မာ အလုပ်သမား  ၁၁၀ ဦးတို့တွင် စားစရာအစားအစာများလုံးဝမရှိတော့သဖြင့် အကူညီရှာရန် ထွက် လာသူနှစ်ဦးကို ပုလိပ်များ ၀ိုင်းဖမ်းကြခြင်း   ဖြစ်သည်။

ကိုနိုင်လင်းနှင့် မခင်လှထွေး တို့မှာ အဆိုပါ ပန်းရံဆိုဒ်တွင် ၂နှစ်ကျော်ကြာ အလုပ်လုပ်နေ ကြပြီဖြစ်သော ၀ါရင့်အလုပ်သမားများဖြစ်ကြသည်။

မခင်လှထွေး က“ ကျမတို့ကဒီမှာကြာပြီလေ။ ဘယ်နေရာမှာ ဗမာတွေရှိလဲ ဆိုတာ သိတယ်၊ ဆန် တို့ သောက်ရေတို့ ရသလောက် အလှူခံမယ် ဆိုပြီး ထွက်လာတာ။ ပုလိပ်၉ ယောက်လိုက်လာပြီးတော့ မင်းတို့ ချဲရောင်းကြတယ်မနား ဘာညာဆိုပြီးမေးတယ်၊ ကျမတို့က အလုပ်သမားတွေအတွက်  အကူညီ လာရှာတာလို့ပြောပြတော့ ဘယ်မှ မသွားရဘူး ပြန်ဆိုပြီး အလုပ်ဆိုဒ်ထဲကို ပြန်ပို့ခံရတယ်” ဟုပြောသည်။

အလုပ်သမားများအတွက် ဆက်သွယ်ကူညီတောင်းခံနေသည့် မရည်မွန်ကျော် က“ဒီနေ့ညနေ သမီးတို့  တွေမှာ စားစရာလည်း မရှိတော့ဘူး။ သောက်စရာရေလည်းမရှိတော့ဘူး။ မြန်မာသံရုံးကို ကျမဖုန်းဆက် တယ်။  ဘာပြောလဲဆိုတော့ အလုပ်ပြန်လုပ်ကြ၊ ခေါင်းသိပ်မမာကြနဲ့ အလျှော့အတင်းလုပ်ကြတဲ့။ မင်းတို့ လိုပြဿနာတွေနေရာတိုင်း မှာဖြစ်နေတာတဲ့။ သူများတိုင်းပြည်မှာ စားရမဲ့ အကာအကွယ်မဲ့ဖြစ်  နေကြတဲ့ တရားဝင်အလုပ်သမား ပတ်စပို့လုပ်ထားကြတဲ့ သမီးတို့ကို ဒီလိုပြန်ပြောတာ သမီးဝမ်းအနည်း ဆုံးပဲ၊ သမီးတို့ကို သူဌေးက စက်တင်ဘာလ ၂၆ ရက်နေ့မှ ပိုက်ဆံပေးမယ်လေ၊ သမီးတို့ဘာနဲ့ စားကြမလဲ။ လုပ်အားခရှင်းမပေးဘူးဆိုရင်ကော သမီးတို့ ဘယ်သူ့ကို အကူညီတောင်းလို့ရမလဲ” ဟုပြော သည်။

အလုပ်သမားများအား မြန်မာသံရုံးနှင့် MAT အဖွဲ့တို့ သီးခြားစီ ဒေသခံ  ထိုင်းအလုပ်သမား ၀န်ကြီးဌာန ကျဟာငမ်းနှင့် ဆာဝါဒီကန်သို့ အကြောင်းကြားထားသဖြင့်  အလုပ်သမားများမှာ ပတ်စပို့ကိုရရှိ ထား ကြပြီးဖြစ် သည်။ သို့ရာတွင် ယခုအလုပ်သမားများအား မည်သည့်အဖွဲ့က ပြေလည်အောင်ဖြေရှင်းပေး မည်ဟူ၍ တာဝန်ခံထားသူမရှိသေးကြောင်း အလုပ်သမားများကပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED သို့ ထပ်မံအကူညီတောင်းခံထားခဲ့သည်။ FED ကလည်း ထိုင်းတောင်ပိုင်း အင်ဂျီအိုများ ကွန်ယက်နှင့်အတူညှိနှိုင်းလျှက် အလုပ်သမာများ အစားအစာ ရရှိရေးအတွက် အကူညီေ ပးနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

၂၀၁၃ ခုနှစ်အစပိုင်းက နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်ပရောက် မြန်မာသံရုံးများသို့ ရွှေ့ပြောင်း အလုပ်သမားများကို ကူညီစောင့်ရှောက်ကြရန် မှာကြားထားဖူး သည်။ ဒေါ်အောင်ဆန်း စုကြည်ကလည်း ထိုင်းရောက် မြန်မာအလုပ်သမားများကို ကူညီစောင့်ရှောက်ပေးမည်ဟု ပြောဆိုခဲ့ဖူးသော်လည်း ထိုင်းရောက်မြန်မာ အလုပ်သမားများမှာ ယခုအချိန်အထိ မြန်မာအလုပ်သမားများဖိနှိပ်ခံရမှုမှာ မြူတစ်မှုန် မျှ လျှော့ပေါ့ သွားခြင်းမရှိသေးကြောင်း MAT အဖွဲ့ကပြောသည်။

စက်တင်ဘာ၁၆  မြတ်ညို(အလွတ်သတင်းထောက်)
ရွှေလုပ်သား

No comments:

Post a Comment