Wednesday, September 18, 2013

ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လအတွင်း အဓမ္မပြုကျင့်မှု ၉၇ မှုတွင် အရွယ်မရောက်သေးသည့် ကလေးများ အဓမ္မပြုကျင့် ခံရမှု ၆၉ မှု ပါဝင်နေ

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ရှစ်လတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အဓမ္မ ပြုကျင့်ခံရမှု ၉၇ မှု ဖြစ်ပွားခဲ့ပြီး အရွယ်မရောက်သေးသည့် ကလေးများ အဓမ္မပြုကျင့်ခံရမှု ၆၉ မှု ပါဝင်နေကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်၏ "အသက်မပြည့်သူ ကလေးများ အဓမ္မပြုကျင့် ခံရမှုနှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်ရေးစနစ် ထူထောင်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ မည်သို့စီစဉ် ထားရှိသည်ကို သိရှိလိုကြောင်း" မေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ သြဂုတ်ထိ မုဒိမ်းမှု ၉၇ မှု ဖြစ်ပွားခဲ့ရာ၌ သက်ငယ်မုဒိမ်းမှု ၆၉ မှု ပါဝင်ခဲ့ပြီး အသက် ၁၀ နှစ်အောက် မုဒိမ်းမှု ၁၂ မှု၊ အသက် ၁၀ နှစ်မှ ၁၃ နှစ်အတွင်း မုဒိမ်းမှု ၃၁ မှု၊ အသက် ၁၄ နှစ်မှ ၁၅ နှစ်အတွင်း မုဒိမ်းမှု ၁၄ မှု၊ အသက် ၁၆ နှစ်မှ ၁၇ နှစ်အတွင်း မုဒိမ်းမှု ၁၂ မှုတို့ဖြစ်ကြောင်း သိရသည်။

ထို့သို့ ဖြစ်ပွားနေမှုကြောင့် ၂၀၁၃ နှစ်ကုန်အထိ မုဒိမ်းမှုများ၊ အထူးသဖြင့် သက်ငယ်မုဒိမ်းမှုများ လျော့ပါးစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် မုဒိမ်းမှု ဖြစ်ပွားရခြင်း အကြောင်းအရင်းများကို အခြေခံ၍ မြို့နယ်လိုက် ပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး ဂျာနယ်၊ မဂ္ဂဇင်း၊ ဆောင်းပါးများ ထည့်သွင်း၍ အသိပညာပေးမှုများ လုပ်ဆောင်နေကြောင်းနှင့် မြို့နယ်အလိုက် သက်ငယ်မုဒိမ်းရှုံ့ချမှု ဆန္ဒဖော် ထုတ်ပွဲ များ ပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း က ပြောကြားသည်။

အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အပေါ်တွင် ပြစ်မှုကျူးလွန်ပါက ကလေးသူငယ် ဥပဒေပါ ပြစ်ဒဏ် များအပြင် ပြစ်မှုဆိုင်ရာ ဥပဒေတွင်လည်း ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်များကို ကျခံရမည် ဖြစ်ကြောင်းကိုလည်း အသိညာ ပေးလျက်ရှိကြောင်း၊ ထို့အပြင် ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြည်သူလူထု တစ်ရပ်လုံး သိရှိရန် အလွန်အရေးကြီးကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူညီချက်ပါ ကလေးသူငယ် အခွင့်အရေးများ၊ ကလေးသူငယ် ဥဒေပါ ပြဋ္ဌာန်းချက်များအား ကလေးသူငယ်များ အပါအ၀င် ပြည်သူလူထု တစ်ရပ်လုံး သိရှိစေရေးအတွက် ဌာနဆိုင်ရာ အကြီးအကဲများ၊ အန်ဂျီအိုများ၊ ကလေးသူငယ် ကိစ္စရပ်များအား စိတ်ပါဝင်စားသည့် ရပ်မိရပ်ဖများ ပါဝင်သော တိုင်းဒေသကြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။

ကလေးသူငယ်များကို မတရားမှု ကျူးလွန်ပါက ကလေးသူငယ် အချင်းချင်း ပူးပေါင်းဖော်ထုတ်ပြီးတော့ သက်ဆိုင်ရာ ဆက်သွယ် တိုင်ကြားနိုင်ရန်နှင့် နောက်တခြားသော ကလေးသူငယ် အမှုအခင်းများကို သိရှိသူက ချက်ချင်းဆင့်ကဲဆင့်ကဲ သတင်းပို့ အရေးယူစေရန် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း၊ လူမှုဝန်ထမ်းမှ အရာရှိ ၇၄ ဦးခန့်ထားပြီး ကလေးသူငယ် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပေါ်ပေါက်ပါက ကူညီပေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးနှင့် ဆက်သွယ်သတင်းပို့ကြရန်လိုကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း က ပြောကြား သည်။
Eleven Media Group

No comments:

Post a Comment