Wednesday, September 4, 2013

မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် စကားများရာမှ ရဲအုပ်ဖြစ်သူအား ဒုရဲအုပ်က သေနတ်ဖြင့် ပစ်သတ်

DD-4-9
မန္တလေးပြည်သူ့ ဆေးရုံကြီးရှေ့တွင် သေဆုံးသူအား ပို့ဆောင်သင်္ဂြိုဟ်ရန် စောင့်ဆိုင်းသူများအား တွေ့ရစဉ်
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် စက်တင်ဘာ ၂ ရက် ည ၁၁ နာရီခန့်က ရဲအုပ်ဖြစ်သူအား ဒုရဲအုပ်က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲအရာရှိအချို့၏ ပြောကြားချက်များအရ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂ ရက်ညက တာဝန်မှူး တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ် သိန်းသန်းစိုးသည် ရဲအုပ်ဦးမောင်တင့် တာဝန်ထမ်းဆောင်နေသည့် ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး (တာဝန်မှူးရုံးခန်း) အတွင်းသို့ ရောက်ရှိလာခဲ့ပြီး အပြန်အလှန် အချင်းများကြရာမှ ဒုရဲအုပ် သိန်းသန်းစိုးက ရဲအုပ်ဖြစ်သူအား သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ရာ ရဲအုပ်မှာ ၀ဲဘက်နားထင် ပေါက်ထွက်ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံး သွား ခဲ့ကြောင်း ရဲအရာရှိအချို့၏ ပြောပြချက်များအရ သိရသည်။
"ဖြစ်သွားတာက ည ၁၁ နာရီကျော်အချိန် ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့ တာဝန်မှူး ရုံးခန်းအတွင်းမှာ ဖြစ်ခဲ့တာ။ အဲဒီနေ့ညက တာဝန်မှူးကျတာက ဒုရဲအုပ် သိန်းသန်းစိုးပါ။ အပြင်က ပြန်ရောက်လာတဲ့ ဒုရဲအုပ်နဲ့ ရဲအုပ်ဖြစ်သူတို့ ရုံးခန်းအတွင်းမှာ စကားများကြရာကနေ ဒုရဲအုပ်က ရဲအုပ်ဖြစ်သူကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နောက်မှာရဲအုပ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကျူးလွန်သူ ဒုရဲအုပ် သိန်းသန်းစိုးကိုတော့ ရဲစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူ လုပ်ဆောင်သွားမှာပါ" ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောဆိုခဲ့သည်။
အဆိုပါ ရဲအုပ်ဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဒုရဲအုပ် သိန်းသန်းစိုးအား ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၈) ရဲစခန်း၌ ထိန်းသိမ်းထားပြီး ပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဒုရဲအုပ်ဖြစ်သူက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့ရသည့် ရဲအုပ်ဦး မောင်တင့် (အသက် ၄၉ နှစ်)အား စက်တင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးမှ အေးရိပ်ငြိမ်သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

Eleven

No comments:

Post a Comment