Wednesday, September 4, 2013

မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူများမှာ အဓမ္မ ထိမ်းမြားခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မ အလုပ်ခိုင်းခြင်းနှင့် သူတောင်းစားအဖြစ် ခိုင်းစေခြင်းတို့ ခံနေရ

C-4-9
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းအထူးအဖွဲ့ ပူးပေါင်း၍ ထိုင်းနိုင်ငံ ကန်ချပူနာရီခရိုင် ၀ိုင်တဖုစက်ရုံရှိ လူကုန်ကူး ခံရသူများကို ကယ်တင်နေစဉ်
မြန်မာနိုင်ငံတွင် လူကုန်ကူး ခံရသူများမှာ အဓမ္မ ထိမ်းမြားခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မ အလုပ်ခိုင်းခြင်းနှင့် သူတောင်းစားအဖြစ် ခိုင်းစေခြင်းတို့ ခံနေရကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အား  ထုတ်ပြန်ကြေညာ ချက်အရ သိရသည်။
"လူကုန်ကူးမှု အန္တရာယ်ကင်းသော ရွှေ့ပြောင်းသွားလာရေး" အမည်ဖြင့် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ Facebook စာမျက်နှာတွင် ဖော်ပြပါရှိခဲ့ခြင်း ဖြစ်သည်။ လူကုန်ကူးမှုသည် တိုးတက်လာသော နည်းပညာ အရ ကျူးလွန်ရန် လွယ်ကူလာခြင်း၊ အရင်းအနှီး နည်းနည်းဖြင့် အမြတ်အစွန်း ကြီးမားစွာ ရရှိခြင်းတို့ကြောင့် လူကုန်ကူးမှု ပြဿနာမှာ တိုးမြင့်လာကြောင်း သိရသည်။ လူကုန်ကူး ခံရသူများ အခြေအနေတွင်လည်း ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ မိသားစုအတွင်း အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ပဋိပက္ခများနှင့် စစ်ဖြစ်ပွားမှု အခြေအနေရှိခြင်း၊ သဘာဝဘေး ကပ်ကျရောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံ ခံရခြင်းတို့မှာ လူကုန်ကူးမှု အခြေအနေသို့ ရောက်ရှိရန် အလွန်နီးစပ်နေကြောင်း သိရသည်။
သို့သော် ယခုနောက်ပိုင်း ကာလများတွင် လူကုန်ကူးခံရမှုများ၏ အခြေအနေအရ စားဝတ်နေရေး အခက်အခဲကြောင့် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာကာ အလုပ်လုပ်ကိုင် သူများမှာ လူကုန် ကူးသူ များ၏ အဓိကပစ်မှတ် ဖြစ်နေကြောင်းလည်း လူကုန်ကူး တားဆီးနှိမ်နင်းရေး ဗဟိုအဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။      
လူကုန်ကူး ခံရသူများ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာရသည့်အပြင် နိုင်ငံအနေဖြင့် ကြည့်မည်ဆိုပါက အမျိုးအနွယ် ပျက်စီးခြင်းနှင့် လူသားအရင်းအမြစ်များ လျော့ပါးခြင်းတို့ ထိခိုက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သုံးသပ်ထားသည်။ နှစ်စဉ်ဖမ်းဆီးရမိသော လူကုန်ကူးမှု အမှုအရေအတွက်အရ ၅၀ ကျော်မှ ၂၀၀ နီးပါးအထိ ရှိနေကြောင်း၊ လူကုန်ကူး ခံရသူများမှာလည်း ၂၀၀ ခန့်မှ ၄၀၀ ၀န်းကျင်ထိ ရှိနေပြီး အမျိုးသမီးများနှင့် ကလေးငယ်များမှာ အများဆုံး ဖြစ်နေကြောင်း သိရသည်။ ယခုနောက်ပိုင်း လူကုန်ကူးမှု ဖြစ်စဉ်များအရ တရုတ်နိုင်ငံမှာ အဓိက ပစ်မှတ်ဖြစ်နေပြီး တစ်ဆင့်ခံ တရုတ်နိုင်ငံ နေသူများနှင့် ပြည်တွင်းလူကုန်ကူး အဖွဲ့များမှ ဆက်စပ်လုပ်ကိုင်နေကြောင်း တိုင်ချက်များနှင့် အမှုဖွင့်ထား ချက်အရ သိရသည်။
ယင်းအပြင်၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ဖြစ်စဉ်များတွင် ရာခိုင်နှုန်း ၇၀ သည် အမျိုးသမီးများအား တရုတ်နိုင်ငံသို့ အတင်းအဓမ္မ လက်ထပ်ရန် ပို့ဆောင်ရောင်းစား ခံရခြင်းဖြစ်ပြီး၊ ရာခိုင်နှုန်း ၂၀ မှာ ထိုင်းနိုင်ငံရှိ အလုပ်ရုံ၊ စက်ရုံ၊ ငါးဖမ်းသင်္ဘောများနှင့် အခြားလိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် ရောင်းစားခံရခြင်းဖြစ်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment