Wednesday, September 4, 2013

မြန်မာနိုင်ငံ အနေဖြင့် မိမိနိုင်ငံနှင့် သင့်တော်သည့် နည်းလမ်းများ ရွေးချယ်ပြီး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး လုပ်ဆောင်နေမှုကို ထောက်ခံဟု တရုတ်ဝန်ကြီးချုပ် ပြောကြား

မြန်မာနိုင်ငံ အနေဖြင့် မိမိနိုင်ငံနှင့် သင့်တော်သည့် နည်းလမ်းများ ရွေးချယ်ပြီး အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးနှင့် နိုင်ငံတည်ငြိမ် ဖွံ့ဖြိုးရေး လုပ်ဆောင်နေမှုကို ထောက်ခံဟု တရုတ်ဝန်ကြီးချုပ် မစ္စတာ လီကာကျန်းက ပြောကြားသည်။
စက်တင်ဘာ ၂ ရက် ညနေပိုင်းက တရုတ်နိုင်ငံ နန်နင်းမြို့ရှိ လီယွမ်အပြည်ပြည်ဆိုင်ရာ အစည်းအဝေး ခန်းမ တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာ ၃ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြထား ချက်အရ သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် တရုတ်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာလီကာကျန်းက "မြန်မာနိုင်ငံ အနေနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ နိုင်ငံတည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိနိုင်ငံနှင့် သင့်လျော် တဲ့နည်းလမ်း ရွေးချယ်ဆောင်ရွက်နေမှုကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ထောက်ခံပါကြောင်းဖြင့် ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်" ဟု မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ဝန်ကြီးချုပ်တို့သည် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်ရေး၊ မိတ်ဖက်နိုင်ငံ ဆက်ဆံရေး မြှင့်တင်နိုင်ရန်အတွက် လုပ်ငန်းများ ဆက်လက်အကောင်အထည် ဖော်ဆောင်နိုင်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရေး၊ မြန်မာ့လယ်ယာနှင့် သားငါးကဏ္ဍ ထုတ်ကုန်များကို ပုံမှန်ကုန်သွယ်ရေးနှင့် ပိုမိုတိုးချဲ့ တင်ပို့နိုင်ရေး၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်နိုင်မည့် အလားအလာများ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေးစင်္ကြံ တည်ဆောက်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံ အဆောက် အဦ ကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ တရုတ်-အာဆီယံ ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက နေပြည်တော်မှတစ်ဆင့် လေကြောင်းခရီးဖြင့် တရုတ်နိုင်ငံ သို့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၃ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိလာကြောင်း သိရသည်။

Eleven

No comments:

Post a Comment