Wednesday, September 4, 2013

ကျေးလက်မီးလင်းရေး စီမံကိန်းအတွက် ကျေးလက်အိမ်ခြေ တစ်သောင်းသုံးထောင်ကျော်အား နေရောင်ခြည် စွမ်းအင်သုံး ဆိုလာများ ချထားပေး

R-4-9
ဆိုလာစွမ်းအင် အသုံးပြုသည့် အိမ်တစ်အိမ်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်ဇော်ထွန်း)
နိုင်ငံတော် သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် တစ်ခုအပါအ၀င်ဖြစ်သည့် ကျေးလက်မီးလင်းရေး အတွက် ကျေးလက်နေအိမ်ခြေ ၁၃၆၃၁ အား နေရောင်ခြည်စွမ်းအင်သုံး ဆိုလာများ ချထားပေးကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနမှ သိရသည်။
အဆိုပါ ၀န်ကြီးဌာန အနေဖြင့် ပြည်နယ်နှင့် တိုင်း ၁၄ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခြောက်ခု တို့တွင် ရှိသော မြို့နယ် ၉၉ မြို့နယ်နှင့် ကျေးရွာပေါင်း ၂၃၅ ရွာတို့တွင် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားများ ချထားပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက "ကျွန်မတို့ ၀န်ကြီးဌာန အနေနဲ့ သြဂုတ် ၂၀ ရက်က စပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားတွေကို ပြည်နယ်နှင့် တိုင်းအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကနေတစ်ဆင့် ချထားပေးပြီးပါပြီ။ ဒီအထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိတဲ့ ဒေသက ကျေးရွာတွေလည်း ပါဝင်ပါတယ်" ဟု ပြောကြားသည်။
ထို့ပြင် ၀န်ကြီးဌာန အနေဖြင့် ကျေး လက်မီးလင်းရေးအတွက် ဆိုလာဖြင့်သာမက ရေအားလျှပ်စစ်ဖြင့် မီးပေးနိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိပြီး ရေအားလျှပ်စစ် လုပ်ငန်း ၈၀ ဖြင့် ကျေးရွာများတွင် မီးပေးရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဖြင့် မီးပေးရေး လုပ်ငန်းကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနမှ ကိုရီးယား ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ ပြည်ပနိုင်ငံများသို့ ကမ်းလှမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Eleven

No comments:

Post a Comment