Monday, September 30, 2013

ဝဲကြီးကျေးရွာဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများ လာရောက်အဖမ်းခံ

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ (၁၉)ရက် နံနက်(၂)နာရီ (၁၅)မိနစ်တွင် တာဝန်ချိန် ရဲဝတ်စုံဖြင့် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဝဲကြီးကျေး ရွာနေ ပြစ်မှုကျူးလွန်သူ ဇော်လတ်ပါအဖွဲ့များအား ဝင်ရောက်ဖမ်းဆီးစဉ် ဇော်လတ်၏ဇနီးမှ လီဆယ်အော် ဟစ်ခြင်းကြောင့် ကျေးရွာသူ ကျေးရွာသား (၃၀၀)ဦးခန့်တို့က တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်၍ ရဲတပ်ဖွဲ့ဝင်များအား ရိုက်နှက်ခဲ့ သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ယင်းသတင်းကို သတင်းစာ များတွင် ဖော်ပြ ခဲ့ပြီးဖြစ်သည်။
ယင်းဖြစ်စဉ်တွင် ဇော်လတ်ပါ(၁၀)ဦးနှင့် အကြမ်းဖက်ရာ၌ ပါဝင်ကျူးလွန်သူများကို တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်ကောင်စီနယ်မြေ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေး ဆောင်ရွက်စဉ် ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။
ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပုဗ္ဗသီရိမြို့နယ် အုပ်ချုပ် ရေးမှူး၊ ပုဗ္ဗသီရိမြို့ နယ် ရဲတပ်ဖွဲ့မှူး၊ ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ကျည်တောင်ကန်နယ်မြေ ရဲစခန်းမှူးတို့က စက်တင်ဘာ (၂၅)ရက် ညနေ (၄)နာရီခွဲတွင် ဝဲကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေပါ စုစုပေါင်း (၂၂)ဦးတို့အား တွေ့ဆုံပြီး ဝဲကြီးကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေဘောင်အတွင်းမှ ရင်ဆိုင်ဖြေရှင်းရန် လိုအပ်ကြောင်းကို ရှင်းလင်းပြောကြား ခဲ့ကြောင်းနှင့် ဥပဒေအရ လာရောက်ဖြေ ရှင်း ဆောင်ရွက်ရန် ချိန်းဆိုစာကို ကျေးရွာအုပ်ချုပ် ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အတူ စက်တင်ဘာ(၂၆)ရက် ညနေ(၄)နာရီတွင် နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်မှ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီ၊ အရန်မီးသတ် စုစုပေါင်း(၁၀၂)ဦးတို့ အား တွေ့ဆုံပြီး အထက်ပါ ဖြစ် စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ စွပ်စွဲခံရသူ များကို ဥပဒေဘောင်အတွင်းမှ ဖြေရှင်းနိုင်ရေး ဝိုင်းဝန်းလုပ်ဆောင် ကြရန်လိုကြောင်း ရှင်းလင်းပြော ကြားခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သူ ဇော်လတ်ပါ (၁၀)ဦးတို့သည် ၎င်းတို့ကျူးလွန် ခဲ့သည့် ပြစ်မှုနှင့်ပတ်သက်၍ စက်တင်ဘာ(၂၈)ရက် နံနက်(၉) နာရီ မိနစ်(၄၀)တွင် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် နယ်မြေရဲစခန်းသို့ လာရောက် အဖမ်းခံ ခဲ့ကြကြောင်းနှင့် ၎င်းတို့အား တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment