Monday, September 2, 2013

လက်ပံတောင်း ဒေသခံတွေ လုံခြုံရေးတိုးမြှင့်ချထား

burma copper mine
လက်ပံတောင်းတောင် ​စီမံကိန်း ​ရပ်ဆိုင်းဖို့ ​တောင်းဆိုနေတဲ့ ​ကျေးရွာတွေမှာ ​အာဏာပိုင်တွေက ​ဖမ်းဝရမ်း ​ထုတ်ခံထားရသူတွေကို ​လိုက်လံဖမ်းဆီးဖို့ ​ကြိုးစားနေတဲ့အတွက် ​ရွာသားတွေက ​လုံခြုံရေး ​တိုးမြှင့်ချထား ​တယ်လို့ ​သိရပါတယ်။လက်ပံတောင်းတောင် ​စီမံကိန်း ​ရပ်ဆိုင်းရေး ​အတွက် ​သြဂုတ်လ ​၂၉ ​ရက်နေ့က ​တရားဝင် ​ဆန္ဒပြမှု ​ပြုလုပ်ပြီးတဲ့ ​အချိန်မှာ ​ယခုလို ​လိုက်လံဖမ်းဆီးဖို့ ​ပြုလုပ်နေတာဖြစ်ပါတယ်။
သြဂုတ်လ ​၃၀ ​ရက်နေ့ ​ညကတည်းက ​ထောက်လှမ်းရေးရဲတွေ ​ဝင်ရောက်ဖမ်းဆီးဖို့ ​ကြိုးစားခဲ့တဲ့ ​အကြောင်း ​လက်ပံတောင်း ​အရေး ​တက်ကြွလှုပ်ရှားသူ ​ကိုဟန်ဝင်းအောင်က ​ယခုလိုပြောပါတယ်။
“ကျွန်တော်တို့ ​၃၀ ​ရက်နေ့ညက ​ဆိုင်ကယ်တွေနဲ့ ​SB ​အယောက် ​၄၀ ​လောက်က ​တုံရွာ ​ဘက်ကနေဝင်ပြီး ​ရွာကိုဝင်ဆီးဖို့ ​ကြမ်းဖို့ ​ဖြစ်တယ်ဗျ။ ​ရွာသားတွေက ​သံချောင်းတွေ ​ခေါက် ​ဘာတွေခေါက်နဲ့ ​ပြန်ပြီးတော့ ​ပြန်ဆုတ်သွားတယ်။ ​၃၁ ​ရက်နေ့ ​ကျတော့လည်း ​ဆည်တဲရွာဘက် ​ကျွန်တော်တို့ဘက်က ​တစ်ယောက်ကူးလာတယ်။ ​အဲဒီရွာထိပ်ထိ ​ဆိုင်ကယ်နဲ့ ​တစ်ရွာနဲ့ ​တစ်ရွာ ကြားကို ​လိုက်ဖမ်းတာတွေ ​ဆီးတာတွေ ​လုပ်တယ်။ ​အဓိကတော့ဗျာ ​လက်ပံတောင်းအရေး ​ဆောင်ရွက်နေတဲ့ ​သူတွေရှိနေတယ်လို့ ​ယူဆတဲ့ ​ရွာတွေဘက်ကို ​ပိုက်စိပ်တိုက်ပြီး ​ကင်းတွေ ချနေတယ်။”
ဟန်ဝင်းအောင် ​အပါအဝင် ​ဖမ်းဝရမ်းထုတ် ​ခံထားရသူတွေရဲ့ ​ဓါတ်ပုံတွေကို ​ကျေးရွာတွေမှာ ​လိုက်ကပ်ပြီး ​ရဲအင်အား ​တိုးမြှင့်တာတွေလည်း ​ပြုလုပ်နေတယ်လို့ ​ဆိုပါတယ်။
ရွာသူရွာသားတွေကလည်း ​အောက်တိုဘာလမှာ ​လက်ပံတောင်းတောင် ​စီမံကိန်း ​ပြန်လည် ​စတင်မှာ ​ဖြစ်တဲ့အတွက် ​ယခုလအတွင်း ​ဝင်ရောက် ​ဆီးနင်းမှု ​တွေဖြစ်ပေါ်နိုင်တယ်လို့ ​ယူဆနေကြပါတယ်။
ရွာတွေမှာ ​အကြမ်းဖက် ​စီးနင်းမှုတွေ ​မဖြစ်ပေါ်အောင် ​လက်ပံတောင်းတောင် ​အရေး ​လှုပ်ရှားသူတွေ ​အနေနဲ့ ​ရွာနဲ့ ​သပိတ်စခန်းတွေကို ​လုံခြုံရေး ​တိုးမြှင့်ထားတယ်လို့ ​သိရပါတယ်။
လွန်ခဲ့တဲ့ ​၉ ​လလောက်က ​လက်ပံတောင်းတောင် ​စီမံကိန်း ​ရပ်ဆိုင်းဖို့အတွက် ​ဆန္ဒပြနေတဲ့ ​သပိတ် စခန်းတွေကို ​ဒေသ ​အာဏာပိုင်တွေက ​အကြမ်းဖက် ​ဖြိုခွင်းခဲ့တာကြောင့် ​သံဃာတော်တွေ ​အများအပြား ​ဒဏ်ရာရရှိခဲ့ပါတယ်။
လာမယ့် ​ရက်ပေါင်း ​၃၀ ​အတွင်းမှာ ​လက်ပံတောင်းတောင် ​စီမံကိန်းအတွက် ​သိမ်းဆည်း ​ခံထားရတဲ့ ​မြေယာကိစ္စတွေကို ​ဆန္ဒ ​ဖော်ထုတ်မှုတွေ ​ပြုလုပ်သွားမယ်လို့လည်း ​ကိုဟန်ဝင်းအောင်က ​ပြောပါတယ်။
“ကျွန်တော်တို့က ​တရားဝင်ငြိမ်းချမ်းတဲ့ ​နည်းတွေနဲ့ ​ဆန္ဒဖော်ထုတ်မယ်။ ​မရဘူးဆိုရင် ​သက်ဆိုင်ရာ ​အာဏာပိုင်တွေ ​သိရှိအောင် ​ကိုယ့်မြေကိုယ်ပိုင်ဆိုင်ရေး ​ဆိုင်းဘုတ်ထူပွဲတွေ ​သက်ဆိုင်ရာ ကနေပြီးတော့ ​ဒီဟာတွေနဲ့ ​ပက်သက်ပြီးတော့ ​စိုက်ပျိုးခွင့်မပေးလဲ ​ကိုယ့်ဟာကိုယ်ပြန်စိုက်တယ်ဆိုတဲ့ ​ပုံစံမျိုးတွေ ​ကျွန်တော်တို့ ​လူထုဘောင်ထဲကနေ ​လှုပ်ရှားမှုဘောင်ထဲကနေ ​ပြန်လည်ရယူဖို့ ​လုပ်သွားမယ်။ ​သာသနာ့ရေးနဲ့ ​ပက်သက်ပြီး ​လယ်တီသိမ်ကို ​သူတို့ ​အကြမ်းဖက်ဖြိုဖျတ်မယ်ဆိုရင် ​ကျွန်တော်တို့ ​လူထုတွေက ​သွားရောက်ပြီးတော့ ​ကာကွယ်မယ်။ ​ဒီဟာက ​ဒီရက်ပေါင်း ​၃၀ ​အတွင်း ​ဖြစ်ပေါ်နိုင်တဲ့ ​အလားအလာတွေပါ။”
လက်ပံတောင်းတောင် ​စီမံကိန်းအတွက် ​သိမ်းဆည်းခံရမြေ ​၇၆၆၇.၇၄ ​ဧက ​ရှိပြီး ​တုံကျေးရွာအုပ်စု၊ ​ဆည်တဲ၊ ​ဇီးတောနဲ့ ​မိုးကြိုးပြင် ​ကျေးရွာ ​အုပ်စုတွေက ​စီမံကိန်း ​ရပ်ဆိုင်းဖို့နဲ့ ​သိမ်းဆည်းခံလယ်မြေတွေ ​ပြန်လည် ​ပေးအပ်ဖို့ ​တောင်းဆိုနေတာ ​ဖြစ်ပါတယ်။
ကာလပေါက်ဈေး ​၃၅ ​သိန်းနဲ့ ​သိန်း ​၇၀ ​ကြားရှိနေတဲ့ ​မြေတန်ဖိုးတွေကို ​လျော်ကြေးအဖြစ် ​ရိုးရိုးယာမြေကို ​၁၀ ​သိန်း၊ ​မိုးကောင်းမြေကို ​၁၂ ​သိန်း၊ ​မြစ်ရေတင်အမျိုးအစားကို ​၁၅ ​သိန်းလို့ ​သုံးမျိုးသာခွဲခြား ​ပေးအပ်တာဖြစ်တယ်လို့လည်း ​သိရပါတယ်။
ဒီလို ​ဖိနှိပ်မှုတွေကြောင့် ​လက်ပံတောင်းတောင် ​ဒေသခံတွေက ​မိမိမြေပြန်လည် ​ရရှိဖို့ ​ဆန္ဒဖော်ထုတ်နေတာ ​ဖြစ်ပြီး ​စီမံကိန်းမှာ ​ပါဝင်သွားတဲ့ ​မြေယာတွေအတွက်ကိုတော့ ​အစားထိုးမြေယာပြန်လည် ​ပေးအပ်ဖို့ ​တောင်းဆိုထား ​တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ ​ထားပါတယ်။

ABC Radio Australia

No comments:

Post a Comment