Monday, September 2, 2013

တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း ပို့လွှတ်နိုင်မည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှု ယခုနှစ်ကုန်ပိုင်းတွင် ပြီးစီးမည်

အရှည် ၇၇၁ ကီလိုမီတာ ရှည်လျားသည့် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း သွယ်တန်းမှုမှာ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်းကုမ္ပဏီ (SEAOP) မှ သိရသည်။

"ရေနံစိမ်းပိုက်လိုင်း သွယ်တန်းမှုက ဒီနှစ်ကုန်ပိုင်းမှာ ပြီးပါမယ်" ဟု ရေနံစိမ်းပိုက်လိုင်း ကုမ္ပဏီ (SEAOP)၊ PR Department မှ Mr. Zhang က ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းသည် ရခိုင်ပြည်နယ် မဒေးကျွန်းမှ စတင်၍ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်များကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်း သွယ်တန်းထားခြင်း ဖြစ်သည်။

အဆိုပါ ရေနံစိမ်းပိုက်လိုင်းဖြင့် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း ပို့လွှတ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ အတွက် တစ်နေ့လျှင် ရေနံစိမ်းတန်ချိန် နှစ်သန်းပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊ Process Station ငါးခု ကိုလည်း တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ရေနံစိမ်းပိုက်လိုင်း ဖြတ်သန်းခအဖြစ် တစ်တန်လျှင် အမေရိကန် တစ်ဒေါ်လာ ရရှိမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် တင်ပို့မည့် ရေနံစိမ်းတန်ချိန် ၂၂ သန်းအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်း ရရှိမည်ဖြစ်ကာ နှစ် ၃၀ အတွက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရရှိမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ယခင်ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားသည်။

ထို့ပြင် မဒေးကျွန်းတွင် တန်ချိန်သုံးသိန်းရှိ ရေနံတင်သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ရေနံတင်ဆိပ်ကမ်း တည်ဆောက်မှုမှာလည်း ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။

အဆိုပါ ရေနံတင်ဆိပ်ကမ်းသည် တရုတ်နိုင်ငံမှ China National Petroleum Corporation (CNPC) နှင့် မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာ သွယ်တန်းပြီးစီးနေပြီဖြစ်၍ တရုတ်နိုင်ငံသို့ ဓာတ်ငွေ့စတင် ပို့လွှတ်နေပြီဖြစ်ကြောင်း သိရသည်။ အခြားတစ်ဖက်တွင်လည်း ပြည်တွင်း၌ အဆိုပါပိုက်လိုင်းများ ဖြတ်သန်းရာ လမ်းတစ်လျှောက်ရှိ မြေယာများ လျော်ကြေးအပြည့်အ၀ မရရှိခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု၊ လူမှုရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့နေရကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment