Sunday, September 1, 2013

မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြခဲ့သောအလယ်တန်းပြဆရာမ၊ဒေါ်စိုစိုးခိုင်ကိစ္စနှင့်ပတ်သက်၍ တက္ကသိုလ်ဆရာ/ဆရာမများအသင်း သဘောထားကြေညာချက်ထုတ်ပြန်


တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ မန္တလေး တက္ကသိုလ်များ(မဟာအောင်မြေမြို့နယ်)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၁၀) တွင်ဖေါ်ပြ ခဲ့သောအမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ အလယ်တန်းပြဆရာမ၊ဒေါ်စိုစိုးခိုင် ကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၏ရှင်းလင်းခြင်းအပေါ်သဘောထားထုတ်ပြန်ကြေညာချက်၁၃၇၅ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် (၁၀) ရက်နေ့ (စနေနေ့)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့

၁။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) မှအလယ်တန်းပြဆရာမဒေါ်စိုစိုးခိုင်ရာထူးမှထုတ်ပယ်ခံရခြင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံပိုင်သတင်းစာမှတဆင့် ပညာရေးဝန်ကြီးဌာနမှ ပြန်လည်ရှင်းလင်းခြင်းသည်ဒီမိုကရေစီကျင့်စဉ်နှင့် လိုက်လျောညီထွေမှုရှိသောဆောင်ရွက်ချက် တစ်ခု အဖြစ်ယူဆပါသည်။ သို့ပါသော်လည်းအဆိုပါရှင်းလင်းချက်ကြောင့်အများပြည်သူအားအခြေအနေ အမှန် အပေါ်အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေသည့်အပြင် ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများသည် ဖြစ်စဉ် တစ်ရပ်လုံးအား ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်စီစစ်သုံးသပ်ပြီးပြေလည်အောင်ဖြေ ရှင်းပေးလိုသောသဘောထားများထင်ဟပ်မှုမရှိဟုယူဆသည့်အတွက် ကျွန်ုပ်တို့ တက္ကသိုလ် ဆရာ/ဆရာမ အသင်းများမှအဆိုပါရှင်းလင်းချက်ကိုကန့်ကွက်လိုက်ပါသည်။ 
၂။ အဆိုပါ ရှင်းလင်းချက်တွင်ဖော်ပြထားသောအကြောင်းအရာများသည် ဆရာမဒေါ်စိုးစိုးခိုင်အားရာထူးမှ ထုတ်ပယ်သည် အထိအရေးယူခဲ့သောပညာရေးဝန်ကြီးဌာန၊ အမှတ်(၂)အခြေခံပညာဦးစီးဌာန၏ မူလတရားဝင် စွပ်စွဲချက်များဖြစ်သည့် (၁) ဒေါ်စိုစိုးခိုင်သည် ၁၀-၆-၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိခွင့်မဲ့ ပျက်ကွက်ခြင်း၊ (၂) ဒေါ်စိုစိုးခိုင်သည်ကျောင်းအုပ်ကြီးထံမှ ကြိုတင်ခွင့်ပန်ကြားခြင်းမရှိဘဲခရီးဝေး (ရန်ကုန် သို့)ထွက်ခွာခဲ့ခြင်း၊ (၃) ဒေါ်စိုစိုးခိုင်သည် နိုင်ငံရေးအဖွဲ့အစည်းနှင့် ပါဝင်ပတ်သက်ခြင်း (ရန်ကုန် တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ကျင်းပပြုလုပ်ခဲ့သည့် ၈၈ကျောင်းသား လှုပ်ရှားမှုငွေရတုအစီအစဉ်တွင် စာနယ်ဇင်းများနှင့်တွေ့ဆုံရှင်းလင်းတက်ရောက်ခဲ့ခြင်း)စသည့်စွပ်စွဲချက် များနှင့်တိုက်ဆိုင်ဖြေရှင်းထားခြင်းမရှိသည်ကိုတွေ့ရှိရပါသည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးအားအရေးယူ အပြစ်ပေးရေးအတွက်လိုအပ်သော တရားဝင်စွဲချက်များအပေါ်တွင် ဥပဒေကြောင်းအရလွှမ်းမိုးပိုင်ခွင့် မရှိသောအကြောင်းအရာများဖြစ်သည့် ၀န်ထမ်းတစ်ဦး၏လုပ်ငန်းခွင်အတွင်းသာမန်ပုဂ္ဂိုလ်ရေးဆန်သောဆက်ဆံရေးများကိုသာရှင်းလင်းထားခြင်းသာဖြစ်ပါသည်။ သို့အတွက် ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်သည် ဖြစ်စဉ်တစ်ခုလုံးအတွက် ကျေနပ်လောက်သောဥပဒေကြောင်းအရဖြေရှင်းချက် တစ်ရပ်ဖြစ်သည်ဟု ကျွန်ုပ်တို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ မယူဆပေ။
၃။ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်တွင် တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှစုပေါင်း၍ ထုတ်ပြန် ခဲ့သောကြေညာချက်အတိုင်း ကျွန်ုပ်တို့အနေဖြင့်စည်ကမ်းဥပဒေပျက်ကွက်ခဲ့သောနိုင်ငံ့ဝန်ထမ်း တစ်ဦးအား ပုဂ္ဂိုလ်ရေးဆန်ဆန် ကာကွယ်လိုသောရည်ရွယ်ချက်အလျဉ်းမရှိဘဲ ပြစ်မှုနှင့်ပြစ်ဒဏ်ကိုဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်စေရန်သာရည်ရွယ်ကြောင်းထပ်မံအသိပေးပါသည်။ ၂၀၁၃ခုနှစ်သြဂုတ်လ ၃၀ရက် ပါ ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်သည် နိုင်ငံဝန်ထမ်းဥပဒေပါ ပုဒ်မများ၊ ဝန်ထမ်းကျင့်ဝတ်ပါ အချက်များကိုအခြေခံကာ ရှင်းလင်းထားခြင်းမရှိဘဲဖြစ်စဉ်အပေါ်အခြေခံကာအကွက်ချ အမှုဆင်ရှင်းလင်း ထားခြင်းမျှသာဖြစ်သည်ကိုသုံးသပ်တွေ့ရှိရပါသည်။ 
၎။ ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်များကိုအောက်ပါအတိုင်းသုံးသပ်ပါသည်။
(က) နဂိုမူလစွဲချက်တင်ထားသောအချက်(၃)ချက်ကိုမှေးမှိန်စေကာနောက်ကြောင်းပြန်အမှုဆင်၍ ရှင်းလင်း ထားခြင်း၊
(ခ) ၂၀၁၃ခုနှစ် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီး နိုင်ငံတော် သမ္မတကလက်မှတ်ရေးထိုးထုတ်ပြန်ထားသောနိုင်ငံ့ဝန်ထမ်းဥပဒေအခန်း၎ အပိုဒ်၁၁ (ဍ) ပါ နိုင်ငံ့ဝန်ထမ်း၏ ခံစားခွင့်၊ ဆုံးရှုံးနစ်နာမှုများနှင့် စပ်လျဉ်း၍ တင်ပြခွင့်၊ ရှင်းလင်းထုချေခွင့်နှင့် အယူခံခွင့် စသောအချက်များကိုစွပ်စွဲခံရသူဆရာမဒေါ်စိုးစိုးခိုင်အားလုံလောက်စွာလုပ်ဆောင်နိုင်ခွင့်ကိုလစ်လျှူရှု၍ လိုရာကိုဆွဲယူထားပြီးတစ်ဘက်သတ်ရှင်းလင်းထားခြင်း၊
(ဂ) တရားဝင်ဆေးကုသခွင့်လက်မှတ်ရဆရာဝန်တစ်ဦး၏ ဂုဏ်သိက္ခာတရားကိုထိပါးပြောဆိုထားခြင်း၊
(ဃ) ၂၀၁၃ခုနှစ် သြဂုတ်လ ၃၀ရက် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာပါ ရှင်းလင်းချက်များသည် စွပ်စွဲ ခံရသူကိုမူလထုတ်ပြန်ထားခဲ့သောထုတ်ပြန်စာများပါ ရက်စွဲ၊ ဆုံးဖြတ်ချက်၊ ဖြစ်စဉ်များနှင့် ကွဲလွဲမှုများ ရှိနေခြင်း။
(င) စွပ်စွဲခံရသူ၏ုဝန်ထမ်းဘဝကိုနာလန်မထူအညွန့်တုံးစေမည့်အချက်များဖြင့်ဆုံးဖြတ် ရှင်းလင်းထားသည့် အတွက် နိုင်ငံ့ ဝန်ထမ်းဥပဒေအပိုဒ် ၅၄ ပါ ဝန်ထမ်းအား ပြစ်ဒဏ်ချမှတ်သည့် အခါ (က) ပညာပေး ပြုပြင်ရေးနှင့် စည်ကမ်းထိန်းသိမ်းမှု ထိရောက်ရေးတို့ကိုဦးတည်ချက်ထားရမည် ဟူသောအချက်နှင့် (ခ) ပြစ်မှုနှင့်ပြစ်ဒဏ် လိုက်လျောညီထွေ ဖြစ်ရမည်ဟူသောအချက်တို့နှင့်သွေဖီနေခြင်း။
(စ) စွပ်စွဲခံရသူသည် ကျောင်းချိန်နောက်ကျ ရောက်ရှိခြင်း ၄၃ ရက်ရှိခဲ့သည်ဟုဖော်ပြပါရှိသော်လည်းမူလ စွဲချက်တင်ရာတွင် ဤအချက်ကိုထည့်သွင်းထားခြင်းမရှိသကဲ့သို့ ထို ၄၃ရက်ကာလကျောင်းချိန်နောက်ကျ ရောက်ရှိခြင်းကိုနိုင်ငံ့ ဝန်ထမ်းဥပဒေအခန်း ၁၁ အပိုဒ် ၅၃ (က) ပါ စာဖြင့်သတိပေးခြင်းဟူသောအချက် ကိုသက်ဆိုင်ရာကျောင်းအုပ်ကြီးမှ လုပ်ဆောင်ရန် ပျက်ကွက်သည်ကိုဖော်ပြထားမှု မရှိခြင်း။
၅။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန၏အရေးယူအပြစ်ပေးမှုသည် ပြစ်မှုနှင့်ပြစ်ဒဏ်မျှတမှုလုံးဝမရှိဘဲ လုပ်ပိုင်ခွင့်အာဏာကိုလွန်ကဲစွာအသုံးပြုခဲ့သည့်အပြင် ဒီမိုကရေစီဖော်ဆောင်ရေး၏အခြေခံဖြစ်သောတရား မျှတမှု၊ သာတူညီမျှမှုစသည့်အချက်များကိုအခြေခံဆုံးဖြတ်ထားခြင်းမရှိသောကြာင့်အပြင်းအထန်ဆန့်ကျင်ကန့်ကွက်ပါကြောင်းထပ်မံအသိပေးအကြောင်းကြားပါသည်။
၆။ ကျွန်ုပ်တို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများအနေဖြင့် လုပ်သက်အားဖြင့် (၁၈) နှစ်ရှိပြီဖြစ်သော သင်ကြားရေးအတွေ့အကြုံပြည့်ဝသောဆရာမတစ်ဦးအားလွန်ကဲစွာအရေးယူအပြစ်ပေးခြင်းကြောင့် အချီးနှီးဆုံးရှုံးရခြင်းသည် ကာယကံရှင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာနစ်နာဆုံးရှုံးမှုသက်သက်ဟုမမှတ်ယူဘဲ ဒီမိုကရေနိုင်ငံ တည်ဆောက်ရေးအတွက် ကြီးမားသောအဟန့်အတားဖြစ်စေသည်ဟုယူဆပါသည်။ထို့အပြင် နိုင်ငံအတွက်မရှိမဖြစ်လိုအပ်သည့်လူစွမ်းအားမျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများအတွက်သော် လည်းကောင်း၊ ပညာရေးအသိုင်းအ၀ိုင်းတစ်ခုလုံးအတွက်သော်လည်းကောင်း၊နိုင်ငံတော်တစ်ခုလုံး အတွက်သော် လည်းကောင်းကြီးမားသောဆုံးရှုံးမှုကိုဖြစ်စေသည့်လုပ်ဆောင်မှုဟုအလေးအနက်ယူဆ ပါသောကြောင့်ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖြစ်စဉ်တစ်ခုလုံးအားစိတ်စေတနာအရင်းခံဖြင့် လက်တွေ့ ကျကျချဉ်းကပ်ဖြေရှင်းပေးပါရန် တောင်းဆိုလိုက်ပါသည်။ 
၇။ ကျွန်ုပ်တို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများအနေဖြင့် ဖြစ်စဉ်တစ်ရပ်လုံးအားပြေလည်စေရန် ရည်ရွယ်၍ဥပဒေနှင့်အညီလိုအပ်သည့် နည်းလမ်းပေါင်းစုံအသုံးပြုသွားမည်ဖြစ်ပါကြောင်းနှင့်လိုအပ် ပါ က ၀န်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သွားရန်အသင့်ရှိပါကြောင်းအသိပေးအကြောင်းကြားထုတ်ပြန်လိုက်ပါသည်။


Popular Myanmar News Journal


No comments:

Post a Comment