Saturday, October 12, 2013

ကျူရှင်နောက် တကောက်ကောက် လိုက်နေခြင်းမှာ အခြေခံပညာ ကျောင်းများ၏ လုံလောက်သော ပညာသင်ပေးနိုင်မှု မရှိခြင်းကြောင့်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ထောက်ပြ

မိဘအုပ်ထိန်းသူများ အပါအ၀င် ကလေးများပါ ကျူရှင်နောက် တကောက်ကောက် လိုက်နေခြင်းမှာ အခြေခံပညာ ကျောင်းများ၏ လုံလောက်သော ပညာသင်ကြားမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနုက ထောက်ပြဝေဖန်ခဲ့သည်။
အောက်တိုဘာ ၁၀ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော်တွင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးနုက ''အခြေခံ ပညာကဏ္ဍတွင် ထင်သာမြင်သာ ပြုပြင်ပြောင်းလဲရန် ပြည်သူတို့ မျှော်လင့်စောင့်စား နေမှုများအပေါ် ပညာရေး ၀န်ကြီးဌာန၏ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို သိရှိလိုကြောင်း ''မေးမြန်းရာတွင် ယင်းကဲ့သို့ ထောက်ပြခဲ့ခြင်း ဖြစ်သည်။
ပညာရေး ၀န်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် မျိုးဆက်သစ်များအတွက် ပညာရေး ရင်းနှီးမြှုပ်နှံမှုများ အထူးအလေးထားကာ အခြေခံပညာ နယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုများ အထိုက်အလျောက် ဖော်ဆောင်နေသည်ကို ပြည်သူများက ကြိုဆိုလျက် ရှိကြောင်း၊ အခြေခံပညာ ကဏ္ဍတွင် လူရည်ချွန် စီမံကိန်း ပြန်လည်ဖော်ထုတ်ခြင်း၊ ကင်းထောက် အဖွဲ့အစည်းများ ပြန်လည်ဖော်ထုတ်ခြင်း၊ ပညာတော်သင်ဆု ချီးမြှင့်ခြင်း၊ မူလတန်း အဆင့်တွင် ကျောင်းသုံးဗလာ စာအုပ်များ အခမဲ့ ပေးခြင်းတို့မှာ တိုးတက်သည့် လက္ခဏာများ ဖြစ်ကြောင်း ဦးနုက မေးခွန်းမေးမြန်းစဉ် ပြောကြားခဲ့သည်။
သို့သော် ခေတ်ကာလ နိုင်ငံ့လိုအပ်ချက်နှင့်အညီ ပြည်သူများ မျှော်လင့်စောင့်စားနေသည့် အပြောင်းအလဲများကို ပညာရေး ၀န်ကြီးဌာန အနေဖြင့် အမြန်ဖြည့်ဆည်း အကောင်အထည်ဖော်ရန် လိုအပ်လျက် ရှိကြောင်း ပြည်သူများက ထောက်ပြမှုများ ရှိကြောင်း ပြောကြားခဲ့သည်။
မိဘအုပ်ထိန်းသူများ အနေဖြင့် ကျောင်းသို့ဝင်စ ကလေးငယ် ဘ၀မှသည် အခြေခံ ပညာသင်ယူ ပြီးမြောက်သည်အထိ တစ်နည်းအားဖြင့် မူကြို၊ သူငယ်တန်းမှသည် ဒသမတန်းအထိ မိမိတို့ သားသမီးလေးများ ပြင်ပတွင် ကျူရှင်ယူ နေရကြောင်း၊ စားစရာ မရှိသော်လည်း သားသမီးများ မျက်နှာငယ်မည်စိုး၍ ကျူရှင်အတွက် ပေးစရာငွေ ရှာနေရကြကြောင်း၊ အခြေအနေ မပေး၍ မိမိတို့ ဆရာမထံတွင် ကျူရှင်မတက် နိုင်သူများ ခွဲခြားဆက်ဆံမှု ခံနေရကြောင်း၊ အခြေခံပညာ ကျောင်းများကို ယုံကြည်ကိုးစား အားထားမှု တစ်နေ့တခြား လျော့ပါး၍ ပြင်ပကျူရှင်တို့၏ အခန်းကဏ္ဍ လွှမ်းမိုးလာနေကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးနုက လွှတ်တော်နားနေချိန်၌ မဲဆန္ဒနယ်ရှိ ပြည်သူများနှင့် တွေ့ဆုံရာတွင် သိရှိခဲ့ရခြင်းများကို ရှင်းလင်းပြောကြားခဲ့သည်။
''အခြေခံပညာ နယ်ပယ်တွင် ရှိနေသည့် 'ကျူရှင်ရောဂါ' မှာ ကုသရန် ခက်ခဲသော နာတာရှည် ရောဂါဆိုးကြီးအဖြစ် အမြစ်တွယ်နေပြီ ဖြစ်သည်ကို သတိပြုရမှာ ဖြစ်ပါတယ်။ အခြေခံပညာ ကျောင်းများကို အားမကိုးဘဲ အပြင်ကျူရင်နောက် မိဘအုပ်ထိန်းသူရော ကလေးများပါ တကောက်ကောက် လိုက်နေခြင်းများမှာ အခြေခံပညာ ကျောင်းများက လုံလောက်သော ပညာသင်ကြားပေးနိုင်မှု မရှိလို့ ဖြစ်ပါတယ်။ ကျောင်းသား ဆရာများနဲ့ မိဘတို့တွင် အမြစ်တွယ် စွဲကပ်နေသော ကျူရှင်ရောဂါဆိုးကို ပညာရေး ၀န်ကြီးဌာန အနေနဲ့ အချိန်ယူ ကုစားပေးနိုင်မယ့် အစီအမံများ ထင်သာမြင်သာ အမြန်ဆုံး ချမှတ်ပေးရန် လိုအပ်ပါတယ်'' ဟု ဦးနုက တင်ပြခဲ့သည်။
ကိုယ်တွေ့ဖြစ်ရပ်များနှင့် ထင်ဟပ်၍ မိဘပြည်သူတို့၏ ဆွေးနွေးတင်ပြချက်၊ အကြံပြုချက်များမှာ အခြေခံပညာ နယ်ပယ်တွင် အလွန်အရေးကြီးသည့် ကိစ္စရပ်များ ဖြစ်နေသည့်အတွက် မသိကျိုးကျွန် ပြုနေ၍ မရဘဲ အခြေခံပညာ ဆရာဆရာမတို့၏ ဂုဏ်သိက္ခာ ကိုလည်း အထင်အမြင်မှား ထိပါးစေနိုင်သည့် အတွက် အလေးအနက်ထားကာ အမြဲပြုပြင် ပြောင်းလဲပေးရန် လိုအပ်လျက်ရှိကြောင်း ဦးနုက ပြောကြားခဲ့သည်။
ထိုသို့ ဦးနု၏ မေးခွန်းမေးမြန်းမှုကို ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်က ပညာရေး ၀န်ကြီးဌာန အနေဖြင့် အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာများ ကျူရှင်လုံးဝ မသင်ရ အမိန့်ထုတ်ပြန်ထားမှုနှင့် ကျူရှင်သင်ပါက အရေးယူမှု အခြေအနေတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း ပြင်ပပုဂ္ဂလိက ILBC ကဲ့သို့ ကျောင်းများမှ ကလေးများ ကျူရှင်တက်ရောက်မှု မရှိဘဲ အခြေခံပညာ ကျောင်းများမှ ကလေးများ ကျူရှင်တက် ရောက်နေခြင်းမှာ ကျောင်း၌ သင်ကြားခြင်းမှာ မလုံလောက်၍ ဖြစ်ကြောင်း၊ ကျူရှင် မသင်ရအမိန့် ထုတ်ပြန်ထားမှုမှာလည်း တရားသော အမိန့်မဟုတ်သဖြင့် မလိုက်နာခြင်း ဖြစ်နိုင်ကြောင်း၊ ဆရာဆရာမများ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရန် ကျောင်းဆရာ လူတန်းစား၏ ဆန်အိုးများ ပြည့်နေစေရေး နိုင်ငံတော်က ပြုလုပ်ပေးရန် လိုအပ်ကြောင်း ဆိုသည်။

Eleven

No comments:

Post a Comment