Wednesday, October 2, 2013

ကလေးတွင် တောင်ကျချောင်းရေကြောင့် တံတားငါးစင်းပျက်စီး


စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်အချို့တွင် စက်တင်ဘာလ နှောင်းပိုင်းက မိုးအဆက်မပြတ် ရွာသွန်း မှုကြောင့် တောင်ကျချောင်းရေများကျဆင်းပြီး ကလေး မြို့နယ်တွင် ဒေသခံများအသုံးများသော အဓိက တံတားငါးစင်း ပျက်စီးခဲ့ကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။
မိုးသည်းကာ တောင်ကျချောင်း ရေကျဆင်းမှုကြောင့် နတ်တံခါး ချောင်းတံတား၊ ဆိပ်ကမ်းသာ တံတား၊ ဆေးရုံတံတား၊ နန်းကလိန် ချောင်းတံတား၊ ဆည်ကြီးချောင်းတံတား စုစုပေါင်း လူသုံးများသော တံတားငါးစင်း ပျက်စီးကြောင်း မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြု ကော်မတီထံမှ သိရသည်။

ကလေး-ဂန့်ဂေါ လမ်းပေါ်ရှိ နန်းကလိန် ချောင်းတံတားကို လူစီးယာဉ်ငယ်များ ဖြတ်သန်းသွားလာ နိုင်စေ ရန် အောက်တိုဘာလ ၁ ရက်နေ့ ညအပြီး ပြင်မည်ဟု ကလေးမြို့ ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကလေးမြို့ တာဟန်းရပ်ကွက်နှင့် အနောက်မြောက်ပိုင်း ဒေသသို့ ဆက်သွယ်ထားသော လမ်းပေါ် ရှိ ပြည်တော်သာ ကျေးရွာအနီးရှိ တံတားနှင့် နတ်တံခါး တံတားတို့မှာ ရေတိုက်စားမှုကြောင့် ပျက်စီးသွား ခဲ့ပြီး ပြန်လည်ပြုပြင်ရေး အတွက် သက်ဆိုင်ရာသို့ အကူအညီ တောင်းသွားမည် ဖြစ်ကြောင်း ယင်းဒေသခံ များက ပြောကြားသည်။

"နတ်တံခါးတံတားဆို ဇန်နဝါရီလကမှ ဝန်ကြီးချုပ် ဦးသာအေးကိုယ်တိုင် လာဖွင့်သွားတာ။ အခုတံတားရဲ့ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် ကမ်းပါးတွေ မြေတိုက်စားပြီး ကျိုးသွားတာ။ ဒီနေ့ဝန်ကြီးချုပ် လာပြီးတော့ တံတားကို ကြည့်မယ်လို့လည်း ကြားတယ်" ဟု နတ်တံခါးတံတား အနီးရှိ ပျဉ်းတောဦး ကျေးရွာဒေသခံ ဦးဇိကာက ဆိုသည်။

ကလေးမြို့နယ် အတွင်း ရေဘေးသင့်မှုကြောင့် ရေဘေးဒုက္ခသည် ၃၁၃၁ ဦး ကို ကယ်ဆယ်ရေး စခန်း ခြောက်ခု ဖွင့်ကာ ကူညီပေးနေကြောင်း မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ တာဝန်ရှိသူထံမှ သိရသည်။

ယင်းကဲ့သို့ မိုးဆက်တိုက် ရွာသွန်း ခဲ့ခြင်းကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့မှ စတင်ကာ ရေများ လျှံတက်လာပြီး ကလေးမြို့အတွင်း စီးဆင်းသော ဥပုသ်ချောင်း တစ်လျှောက် ကမ်းပါးများ ပြို ကျကာ နေအိမ် ၁၄ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါ ချောင်းပေါ်ရှိ ဆိပ်ကမ်းသာတံတား မှာလည်း ထက်ပိုင်း ကျိုး ပျက်စီးခဲ့ကြောင်း ယင်းတံတားအနီး နေထိုင်သူများက ပြောကြားသည်။

အဆိုပါ ကလေးမြို့နယ်ရှိ ကျီကုန်း၊ နတ်ကြီးကုန်း၊ ကျောက်ကာ စသော ကျေးရွာများ တွင်လည်း ရေဘေး ဒုက္ခနှင့် ရင်ဆိုင်နေကြရပြီး နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းနှင့် ရေဘေးလွတ်ရာ နေရာများတွင် တည်းခို နေထိုင်နေ ကြရကြောင်း ဒေသခံများထံမှ သိရသည်။

"အကူအညီ လိုတယ်။ အဓိက ဆန်ပါ" ဟု နတ်ကြီးကုန်းကျေးရွာမှ အသက် ၃၅ နှစ် အရွယ်ရှိ ဒေါ်ဝင်းအေး က ဆိုသည်။

လက်ရှိ ကလေးမြို့တွင် ရေဘေး ကယ်ဆယ်ရေးစခန်း များကို အမှတ် (၅) မူလတန်းကျောင်း၊ အမှတ် (၃) မူလတန်း ကျောင်း၊ အမှတ် (၁၅) မူလတန်းကျောင်း၊ အထက (၃)၊ စကားလှဘုရားနှင့် အောင်မင်္ဂလာ ဇာတ်ရုံတို့တွင် ဖွင့်လှစ်ထားပြီး သောက်ရေသန့်နှင့် ဆန်အိတ် ၁၁၅ အိတ်တို့ကို ဒေသခံအလှူရှင်များ အကူအညီဖြင့် လှူဒါန်းထားပြီး ဖြစ်ကြောင်း မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီထံမှ သိရသည်။

ကလေး-ကလေးဝလမ်း၊ ကလေး- ဂန့်ဂေါလမ်းများတွင်လည်း ရေကျော်မှု ကြောင့် လမ်းပန်းဆက်သွယ်ရေး ခက် ခဲပြီး စက်လှေများဖြင့် သွားလာနေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်ကလည်း တောင်ကျချောင်းရေကြောင့် မြစ်သာမြစ်၊ နေ ရဉ္စရာ မြစ်ရေ များ လျှံတက်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှစ်ရွာ၊ လူဦးရေ ၁၅၀၀ ခန့် ရေဘေးသင့်ကာ ရက်ပိုင်းအတွင်း ရေပြန် ကျ သွားကြောင်း အဆိုပါဒေသခံ များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment