Wednesday, October 9, 2013

ရန်ကုန်-ပုသိမ်လမ်းရှိ ကျူးကျော်များ အောက်တိုဘာလအတွင်း ဖယ်ရှားပေးရန် နောက်ဆုံးအကြိမ် သတိပေး

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးရှိ ကျူးကျော် များကို အောက်တိုဘာလအတွင်း ပြောင်းရွှေ့ဖယ်ရှားပေးရန် နောက်ဆုံးအကြိမ် သတိပေးစာ ထုတ်ပြန်ထားကြောင်း လှိုင်သာယာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

"ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးက ကျူးကျော်တွေကို အောက်တို ဘာလထဲမှာ ပြောင်းရွှေ့ပေး ဖို့ နောက်ဆုံး အကြိမ် အနေနဲ့ သတိပေးစာ ထုတ်ထားပါပြီ။ ကျွန်တော်တို့ အနေနဲ့ ပထမအကြိမ် သတိပေးစာ ထုတ်တယ်၊ ဒုတိယအကြိမ် သတိပေးစာ ထုတ်တယ်။ အခုကတော့ နောက်ဆုံးအကြိမ် အနေနဲ့ ထုတ်ပြန်ထားတာပါ။ တကယ်လို့ ပြောင်းရွှေ့မပေးဘူးဆိုရင် အရေးယူမှုတွေနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ လှိုင်သာယာမြို့နယ်က ဌာနဆိုင်ရာ တာဝန်ရှိသူတွေက အဆင့်ဆင့် အထက်ကို တင်ပြထားပါတယ်။ လတ်တလောမှာတော့ ဘယ်လိုအရေးယူ သွားမယ်ဆိုတာ မသိရသေးပါဘူး" ဟု လှိုင်သာယာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးတွင် ဈေးဆိုင်များဖွင့်၍ ဆိုင်နှင့်တွဲကာ ကျူးကျော်နေထိုင်သူ ၄၀၀ ကျော် ရှိလာသည့်အတွက် ဈေးဆိုင်နှင့်တွဲ၍ လူနေထိုင်မှု မပြုရန်နှင့် စနစ်တကျ ဈေးရောင်း ချရန် ခေါ်ယူ သတိပေးထားခြင်း အခမ်းအနားကို စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့ လှိုင်သာယာရှိ လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ဈေးဆိုင်ဖွင့်လှစ် ရောင်းချနေသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လက်ရှိကာလတွင် ပြောင်းရွှေ့ပေးရန် ထုတ်ပြန်ထားသည့် သတိပေးစာနှင့် ပတ်သက်ပြီး ဈေးဆိုင် ဖွင့်လှစ်ကာ လူနေအိမ်အဖြစ် နေထိုင်သူများမှ စားဝတ်နေရေးအတွက် ရုန်းကန်နေရသောကြောင့် မိုးတွင်း ကာလကို စောင့်ဆိုင်းပြီး ပွင့်လင်းရာသီ ကာလတွင် ဖယ်ရှားပေးရန် တောင်းဆိုထားကြောင်း သိရသည်။
 Eleven

No comments:

Post a Comment