Wednesday, October 9, 2013

တောင်ကြီး မြို့မဈေးတွင် ပျံကျဈေးသည်များအတွက် နေရာသတ်မှတ်မည်

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း အနောက်ဘက်ရှိ မြို့မဈေးကြီးအတွင်း ရောင်းချနေသော ပျံကျဈေးသည်များ အတွက် နေရာသတ်မှတ် ရောင်းချပေးနိုင်ရန် စီစဉ်ပေးသွား မည် ဖြစ်ကြောင်း တောင်ကြီး မြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့မဈေး တာဝန်ခံ ဦးခင်အေးက အောက်တိုဘာ ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဦးခင်အေးက “အဓိကကတော့ ပွင့်လင်းရာသီရောက်လာပြီ။ ဈေးအတွင်းမှာ မီးရေးထင်းရေး လုံခြုံရေး အတွက် မီးသတ်ကားတစ်စီးစာ ၀င်နိုင်လောက်အောင်၊ စနစ်တကျဖြစ်အောင် ပျံကျတွေ ရောင်းနေ တဲ့ နေရာတွေကို စည်းတားပြီးတော့ သတ်မှတ်ပေးပြီး ဆောင်ရွက်ပေး သွားပါမယ်” ဟု ပြောသည်။

လက်ရှိတွင် ယခင် စည်းသတ်မှတ်ထားသည့် နေရာများကိုကျော်ပြီး ရောင်းချနေခြင်းများရှိသည့်အတွက် လမ်းပိတ်ဆို့မှု များလည်း ဖြစ်ပေါ်နေကြောင်း ဦးခင်အေးက ပြောသည်။ ယင်းသို့ ပျံကျဈေးသည် များရောင်းချနိုင်မည့် နေရာအတွက် သတ်မှတ် စည်းမျဉ်းဆွဲပေးခြင်းကို လာမည့် နိုဝင်ဘာလ တွင် ဆောင်ရွက် သွားမည် ဖြစ်သည်။

“ကျွန်တော်တို့ နိုဝင်ဘာလလောက်မှာ မြို့မဈေးပတ်လည် ဈေးပရ၀ဏ်အတွင်း ရောင်းချနေတဲ့ ပျံကျဈေးသည်တွေအတွက် သတ်မှတ်စည်းကို လိုက်လံ ရေးဆွဲသွားမယ်၊ ဘောင်ကျော်ပြီး စည်းကမ်းဖောက်ဖျက် ရောင်းချ ရင်တော့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်”ဟုလည်း ဦးခင်အေးက မဇ္ဈိမကို ပြောကြားခဲ့သည်။

ယင်းအပြင် မြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့် မြို့မဈေးအတွင်း မီးဘေးလုံခြုံရေး၊ ကာကွယ်ရေး သန့်ရှင်းရေးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

တောင်ကြီးမြို့မဈေးအတွင်း ဈေးဆိုင်ဖွင့် ရောင်းချနေသည့် ဦးသိန်းနိုင်က “ကျွန်တော်တို့ မြို့မဈေးထဲ အရေးပေါ် တစ်ခုခုဖြစ်လို့ မီးသတ်ကားဝင်မယ်ဆိုရင် ပျံကျဈေးသည်တွေက ပိတ်ဆို့ထားတာများတယ်။ လမ်းရှင်းပေးပြီး အားလုံးအတွက် မျှမျှတတ ဖြစ်စေချင်တယ်”ဟု မဇ္ဈိမကို ပြောသည်။

ယင်းသို့ ပျံကျဈေးသည်များအတွက် နေရာသတ်မှတ်ရာတွင် မီးသတ်ကားတစ်စီးစာ ၀င်ထွက်နိုင်ရန် အတွက် မြို့မဈေးကြီး အရှေ့ဘက်၊ မြောက်ဘက်၊ တောင်ဘက်ပေါက် များတွင် နေရာ သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဦးခင်အေးက ပြောကြားခဲ့သည်။

တောင်ကြီးမြို့၊ မြို့မဈေးအတွင်း ရောင်းချနေသည့် ပျံကျဈေးဆိုင်များမှာ စုစုပေါင်း အရေအတွက် ၅၀၀ ကျော်ခန့် ရှိသည်။

ဂျွန်ချစ်ငြိမ်း
Mizzima - News in Burmese

No comments:

Post a Comment