Thursday, October 3, 2013

မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပါပြီ

မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပါပြီ။
ပြန်ပြောဖို့တော့ တော်တော်ခက်တယ်။
Weather News Update
3-10-2013
11:15 am

(၃-၁၀-၂၀၁၃)ရက် နံနက်(၆)နာရီခွဲအချိန် မြေပြင်မှာရှိတဲ့မိုးလေ၀သအခြေအနေ၊ အထက်ပေ(၂၀၀၀) နဲ့ ပေ(၅၀၀၀) အမြင့် အသီးသီးမှာတိုက်ခတ်နေ တဲ့ လေစီးကြောင်း၊ အားလုံးက အနောက်တောင် မုတ်သုံလေဟာ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်း နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မရှိတော့ဘူးလို့ အတိအလင်းဖေါ်ပြနေကြပါတယ်။ အနောက်တောင်မုတ်သုံလေဟာာ လွန်ခဲ့တဲ့ (၂၄)နာရီခန့်ကတည်းက မြစ်ဝ ကျွန်းပေါ်ဒေသ များမှ ဆုတ်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

အမှန်ကတော့ ဒီသတင်းကို စက်တင်ဘာလ(၂၅)ရက်လောက်ကတည်း က ကြေငြာရမှာပါ။ ဒါပေမယ့် သူ့ဟာသူ အားလျော့ပြီး ဆုတ်နေတဲ့ မုတ်သုံလေကို အရှေ့ဖက်က မုန်တိုင်းတွေက တစ်လုံးပြီးတစ်လုံး အားလာလာဖြည့်ပေးနေလေတော့ မုတ်သုံလေဟာ အားတွေပြန်ပြန်ပျိုးပြီးမုတ်သုံလေဆုတ်ခွာမှုဟာလည်း တန့်နေခဲ့ ရပါတယ်။ ဒါကို Monsoon Withdrawal Retardation လို့ခေါ်ပါတယ်။

ဒီနေရာ မန္တလေးတက္ကသိုလ် တိုးခဲ့ညနေသင်တန်းမှာ ရူပဗေဒအဓိကနဲ့ ကျောင်းတက် တုံးက သင်ခဲ့ရတဲ့ Atomic Physics, Quantum Physics တို့ကို သတိရမိတယ်။ တစ်ချိန်တည်းမှာဘဲ ကျွန်တော့ ဆရာတွေဖြစ်ကြတဲ့ ဆရာဦးကျော်မြင့်။ ဆရာဦးတင်ဦးလှိုင်၊ ဆရာဦးကျော်မြသိန်း၊ ဆရာဒေါက်တာစိုးမြင့်ဝင်း၊ ဒေါက်တာ မျိုးတင့်၊ ဒေါက်တာ လှမြင့်၊ ဦးစိန်ဝင်း စတဲ့စတဲ့ ကျေးဇူးရှင် ဆရာများကိုလည်း သတိရမိပါတယ်။

အဲဒီမှာသင်ခဲ့ရတုံးက အထူးသဖြင့် Atomic Structure သင်တော့ Atom တစ်ခုမှာ အလယ်ဗဟိုမှာ Nucleus ရှိနေပြီး အပြင်ဖက်မှာ electron တွေဟာ ပတ်လမ်းတွေနဲ့ ပတ်နေကြတယ်။ ဒီမှာ K shell, L shell, M shell သဖြင့် Shell အထပ်ထပ်နဲ့ ရှိနေကြပါတယ်။ အဲဒီပတ်လမ်းတွေမှာ စွမ်းအင်အဆင့်တွေရှိကြတယ်။ electron တစ်လုံးဟာ စွမ်းအင်တွေတိုးပေးလိုက်ရင် စွမ်းအင်အဆင့်မြင့်တဲ့ပတ်လမ်းကို ခုန်ကူးပြောင်းသွားတယ်။ ဒီအချိန်မှာ စွမ်းအင်တွေကို စုပ်ယူတယ်ပေါ့။ အဲ စွမ်းအင်တွေ လျော့သွားရင်လည်း စွမ်းအင်အဆင့်နိမ့်တဲ့ မူလပတ်လမ်း စွမ်းအင်အဆင့်ကို ဗုတ်ကနဲ ပြန်ပြီးပြုတ်ကျသွားတာဘဲတဲ့။ ဒီအခါမှာတော့ စွမ်းအင်တွေကို စွန့်ထုတ်တယ်တဲ့ဗျ။

မုတ်သုံကလည်း ဒီအတိုင်းဘဲ ဖြစ်နေခဲ့တာပါ။ အမှန်ကတော့ မုတ်သုံလေ ဟာ စက်တင်ဘာလ(၁၀)ရက်နောက်ပိုင်းမှာ အားနည်းလာနေပါတယ်။ ဒါကြောင့် စွမ်းအင်အဆင့်တွေကျကျလာပြီး စွမ်းအင်လျော့တဲ့ တောင်ဖက်(ပတ်လမ်း)ကို ဆုတ်ဆုတ်လာနေပါတယ်။ ဒီအချိန်မှာ အရှေ့ဖက်ကမုန်တိုင်းတွေ တစ်လုံးပြီးတစ်လုံး (၃)လုံးလောက်ဆက်တိုက်လာလိုက်တော့ မုတ်သုံလေဟာ အားတွေပြန်ပျိုးလာပြီး အထက်ဖက်(စွမ်းအင်မြင့်တဲ့ပတ်လမ်းဆီကို)ပြန်တက်သွားတော့တာပါဘဲ။ အဲဒီမှာ မုတ်သုံကလည်း ဆက်မဆုတ်နှိုင်တော့ဘဲ တန်းလန်းတန်းလန်းနဲ့ စက်တင်ဘာလ ကုန်တဲ့အထိ ပါလာနေရတာဖြစ်ပါတယ်။

အခုတော့ မုန်တိုင်းတွေလည်း ရှင်းသွားရော မုတ်သုံအားတွေလျော့ကျလာပြီး electron တွေ မူလပတ်လမ်း ကို ပြန်ကျသလို မုတ်သုံလေဟာလည်း ဗုတ်ကနဲ နဲ့ မြန်မာပြည်တောင်ပိုင်း ကို ပြန်ရောက်သွားရ တာဖြစ် ပါတယ်။

ဒီတော့ ဒါတွေဟာ တကယ်တော့ ဖြစ်တတ်တဲ့ သဘာဝတွေပါ။
ဒါပေမယ့် ဒီသဘောတွေကို လူတွေသိအောင်ကျွန်တော်ဘယ်လိုပြောရပါ့မလည်း...။

ဒေါက်တာထွန်းလွင်

No comments:

Post a Comment