Thursday, October 3, 2013

စက်တင်ဘာအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၁၀) ကြိမ်ပြုလုပ်ခဲ့ကာ သဘောတူညီချက် တစ်ခုမျှမရရှိဘဲ တိုင်းရင်းသားဒေသများ၌ တိုက်ပွဲဖြစ်ပွားမှု (၁၅) ကြိမ်ရှိခဲ့

၂၀၁၃ ခုနှစ် စက်တင်ဘာအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၁၀) ကြိမ် ပြုလုပ်ခဲ့ကာ သဘောတူညီချက် တစ်ခုမျှမရရှိခဲ့ဘဲ တိုင်းရင်း သားဒေသများ၌ တိုက်ပွဲဖြစ်ပွားမှု (၁၅)ကြိမ်ရှိခဲ့ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်နေသော Myanmar Peace Monitor ၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲဖြစ်ပွားမှုများမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TN LA) ဒေသ၌ အကြိမ်ရေ အများဆုံးဖြစ်ခဲ့ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ '၀' သွေးစည်းညီညွတ်ရေးပါတီ (UWSA/UWSP)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ပအိုင်းအမျိုးသား လွတ်မြောက်ရေး အစည်းအရုံး (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ အမျိုးသားဒီမိုကရက်တစ် တပ်မတော် (NDAA) ၊KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (KPC)၊ ကရင်အမျိုးသားအစည်း အရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)၊ တိုးတက်သော ကရင်ဗုဒ္ဓဘာ သာ တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP/ALA) တို့နှင့် ဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် စက်တင်ဘာလအတွင်း နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု အမေရိကန်ဒေါ်လာ စက်တင်ဘာလအတွင်း၌ အမေရိကန်ဒေါ်လာ ၅၂၂၉ ဒသမ ၈ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။ စက်တင်ဘာလအတွင်း ထည့်ဝင်ခဲ့သော အလှူငွေနှင့် ချေးငွေကတိပြုမှုများမှာ ရခိုင်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုအိန္ဒိယနိုင်ငံမှ ထည့်ဝင်သော အမေရိကန်ဒေါ်လာ တစ်သန်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် ဆွစ်ဇာလန်နိုင်ငံမှ ထည့်ဝင်သော ဆွစ်ဖရန့် ၃၅ သန်း၊ ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကဏ္ဍမြှင့်တင်ရန် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်နိုင်ငံတို့မှ ထည့်ဝင်သော အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း၊ အခြားသော လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင် အသုံးပြုရန် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်နိုင်ငံတို့မှ ထည့်ဝင်သော အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သန်း၊ အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် Inter-national Centre for Integrated Mountain Development (ICIMD) မှ ထည့်ဝင်သော အမေရိကန်ဒေါ်လာငါးသိန်း၊ မြန်မာနိုင်ငံ၏ NCDD (National Community Driven Development) စီမံချက်အတွက် ကမ္ဘာ့ဘဏ်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၊ ကလေးစစ်သား လျှော့ချရေး လုပ်ငန်းစဉ်အတွက် အမေရိကန်နိုင်ငံမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ငါးသန်း၊ ငါးမွေးမြူရေးလုပ်ငန်း သုတေသနပြုရန်အတွက် နော်ဝေနိုင်ငံမှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ငါးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်များရှိ လျှပ်စစ်မီး အလုံအလောက် မရရှိသေးသောနေရာများတွင် အသုံးပြုရန် ကမ္ဘာ့ဘဏ်က အတိုးမဲ့ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၄၀ ပေးအပ်ခဲ့ခြင်းနှင့် ဂျပန်နိုင်ငံ၏ ODA ချေးငွေသစ် အမေရိကန်ဒေါ်လာ ငါးဘီလျံ တို့ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေး ထိုးခြင်းကို အောက်တို ဘာလ အတွင်း နေပြည်တော်၌ ပြုလုပ်ရန် စီစဉ်နေပါသည်။ သို့ရာတွင် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြီးပြတ်ခြင်း မရှိသေးသည့်နည်းတူ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင်လည်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အစိုးရတပ်များ အကြား တိုက်ပွဲဖြစ်ပွားမှုမှာလည်း ဆက်ရှိနေသည်။

Eleven Media Group

No comments:

Post a Comment