Friday, October 18, 2013

အိုင်ရင်းဇင်မာမြင့်နှင့် တွေ့ဆုံခြင်း

နှလုံးသား အရင်းအနှီး သီချင်းလေးနှင့် ပရိသတ် လက်ခံသည့် တေးသံရှင်တစ်ယောက် ဖြစ်လာသည့် အိုင်ရင်းဇင်မာမြင့်နှင့် တွေ့ဆုံပြီး သီချင်းလေး၏ အောင်မြင်မှုအပေါ် သူ၏ခံစားမှု၊ ဒုတိယ တစ်ကိုယ်တော် စီးရီးအကြောင်း၊ သူနှစ်သက်သည့် ရော့ခ်ဂီတ အကြောင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice : နှလုံးသား အရင်းအနှီး သီချင်းနဲ့ ဂီတလောကမှာ နေရာတစ်ခု ရလာတဲ့အပေါ် အိုင်ရင်း ဘယ်လိုခံစားရလဲ။

IZMM : ဒီသီချင်းက သီချင်းကောင်းလေးတစ်ပုဒ် ဆိုတာတော့ အိုင်ရင်း စဆိုကတည်းက သိပါတယ်။ အခုလောက်အထိ ပရိသတ်တွေ အားပေး ကြလိမ့်မယ်လို့တော့ အိုင်ရင်း မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ ခုလိုမျိုး အားပေးလာကြတော့ ကျေးဇူးလည်း တင်သလို၊ ပျော်လည်း ပျော်ပါတယ်။ အိုင်ရင်း အတိုင်းမသိ ဝမ်းသာပါတယ်။ ဒီသီချင်းလေးရဲ့ အောင်မြင်မှုကြောင့် အိုင်ရင်း ရှိုးပွဲတော်တော်များများမှာ ပါဝင်ခွင့် ရလာတယ်။ ဒီသီချင်းလေးကို နားထောင်ပြီးတဲ့ ပရိသတ်တွေက အိုင်ရင်းရဲ့ ယိမ်းလိုက် တစ်ကိုယ်တော် စီးရီးကိုလည်း စိတ်ဝင်တစားနဲ့ အားပေးလာကြပါတယ်

Voice : အိုင်ရင်းရဲ့ ယိမ်းလိုက် တစ်ကိုယ်တော် စီးရီးကတော့ စထွက်တုန်းက ပရိသတ်တွေ သိပ်သတိမထား မိကြဘူးနော်။

IZMM : ယိမ်းလိုက် စီးရီးမှာပါတဲ့ သီချင်းတွေက သီချင်းဆို ပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင် တော်တော်များများ ပြိုင်ကြပါတယ်။ နှလုံးသား အရင်းအနှီး သီချင်းရဲ့ အောင်မြင်မှုကို မမီတာဘဲ ရှိတယ်။ အိုင်ရင်းရဲ့ ပထမဆုံးစီးရီး အနေနဲ့ကတော့ အားရကျေနပ်မှု အပြည့်အဝ ရှိပါတယ်။ ဒီစီးရီးရဲ့ မူရင်းခွေ ရောင်းအားက ၈၀၀၀ ကျော်သွားပါပြီ။

Voice : မြင့်မြတ်တို့၊ ကောင်းကောင်းတို့နဲ့ တွဲပြီး ဘဝတစ်ကွေ့ စီးရီးကို လုပ်ဖြစ်သွားပုံလေး ပြောပြပေး ပါဦး။

IZMM : ဒီစီးရီးလေး စလုပ်ဖြစ်တာကတော့ ကိုမြင့်မြတ်က စီးရီးတစ်ခွေ လုပ်ချင်တယ်လို့ ပြောတယ်။ အစကတော့ အိုင်ရင်းနဲ့ သူနဲ့ နှစ်ယောက်တည်းပဲ လုပ်မလို့။ ဒါပေမဲ့ အဲဒီအချိန်တုန်းက အိုင်ရင်းမှာလည်း ပရိသတ်သိတဲ့၊ အောင်မြင်တဲ့သီချင်း မရှိသေးတဲ့အတွက် ကိုမြင့်မြတ်ရဲ့ အောင်မြင်မှုကို ခုတုံးလုပ်တယ်လို့ အထင်ခံရမှာလည်း စိုးပါတယ်။ ဒီခွေလေးက သူ့ကို စေတနာထားပြီး အိုင်ရင်းတို့ ကူညီပြီး လုပ်ပေးလိုက်တာပါ။ သီချင်းတွေ အားလုံးထဲမှာမှ အိုင်ရင်းရဲ့ သီချင်းလေးက ထူးထူးခြားခြား ပေါက်သွားတာပါ။

Voice : ရှိုးပွဲ တော်တော်များများမှာ ပါဝင်ခွင့် ရလာပြီဆိုတော့ တစ်ပွဲနဲ့တစ်ပွဲ တင်ဆက်မှုပိုင်း မတူအောင် ကိုယ့်ဘက်က ဘယ်လိုအားထုတ်ဖြစ်လဲ။

IZMM : အိုင်ရင်းဘက်ကတော့ ရှိုးပွဲတွေမှာ အဝတ်အစား ဒီဇိုင်းပိုင်းကို ကြိုးစား ပြင်ဆင်ဖြစ်တယ်။ အိုင်ရင်းရဲ့ သီချင်းတွေနဲ့ လိုက်ဖက်တဲ့ Performance လုပ်ပေးနိုင်မယ့် လူမျိုးကိုလည်း အိုင်ရင်း ကြိုးစားပြီး ရှာတယ်။ နောက် အိုင်ရင်းက အဆိုတော်ဆိုတော့ ကိုယ့်အသံ ကောင်းဖို့ကို အဓိက ကြိုးစားပါတယ်။

Voice : အိုင်ရင်းအပေါ် လွှမ်းမိုးမှုရှိခဲ့တဲ့ အဆိုတော်တွေကို ပြောပြပေးပါဦး။

IZMM : ပြည်ပမှာ အိုင်ရင်း အရမ်းအားကျတဲ့ အဆိုတော်ကတော့ စီလင်းဒီယွန်ပါ။ သူ့ကိုတော့ အိုင်ရင်း ငယ်ငယ်ကတည်းကနေ အခုအချိန်အထိ ကြိုက်နေဆဲပါပဲ။ ပြည်တွင်းမှာ ဆိုရင်တော့ မတင်ဇာမော်၊ မချောစုခင်၊ မဇမ်နူးတို့ကို အရမ်းကြိုက်ပါတယ်။ အခုနောက်ပိုင်း ကိုယ့်ရှေ့က အောင်မြင်နေတဲ့ အဆိုတော်တွေထဲမှာတော့ မချမ်းချမ်းကို အရမ်းကြိုက်ပါတယ်။

Voice : အိုင်ရင်း အကြိုက်ဆုံး ဂီတအမျိုးအစားက ဘာလဲ။ ကိုယ့်ရဲ့ အသံနဲ့ကျတော့ ဘယ်ဂီတ အမျိုးအစားက လိုက်တယ်လို့ ထင်လဲ။

IZMM : အိုင်ရင်းရဲ့ အသံက Pop နဲ့ R & B သီချင်း အမျိုးအစားတွေနဲ့ ပိုလိုက်ပါတယ်။ အိုင်ရင်း အကြိုက်ဆုံး ဂီတအမျိုးအစားက ရော့ခ်ဂီတပါ။ ဒါပေမဲ့ ရော့ခ်သီချင်းတွေကို အိုင်ရင်း သိပ်မဆိုဖူးသေးဘူး။ အိုင်ရင်းက အစ်ကိုသုံးယောက် ကြားထဲမှာ ကြီးခဲ့တာဆိုတော့ ယောက်ျားလေး နည်းနည်းဆန်တဲ့အတွက် ရော့ခ်ဂီတကို ကြိုက်တယ်။ ဒုတိယ စီးရီးမှာတော့ အိုင်ရင်းကြိုက်တဲ့ ရော့ခ်သီချင်း နှစ်ပုဒ်လောက် ထည့်ဆိုဖို့ စဉ်းစားထား ပါတယ်။

Voice : အိုင်ရင်းကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောချင်တာတွေရှိရင် ပြောပြပေးပါဦး။

IZMM : အိုင်ရင်းရဲ့ နှလုံးသား အရင်းအနှီး သီချင်းနဲ့ ယိမ်းလိုက်စီးရီးကို အားပေးသလိုမျိုးပဲ ဒုတိယ စီးရီးလေး ထွက်လာရင်လည်း အားပေးကြပါဦးလို့။ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အိုင်ရင်း မျှော် လင့်နေ ပါတယ်လို့ ပြောချင်ပါတယ်။

(သန့်ဇင်ဦး) - The Voice Weekly

No comments:

Post a Comment