လောက၌ မိတ်ကောင်း ဆွေကောင်းများ
ရှိသကဲ့သို့ မိတ်တု ဆွေတုများလည်း ရှိသည်။ မိတ်ကောင်း ဆွေကောင်းကို ကလျာဏ
မိတ္တဟု ခေါ်သည်။ ကလျာဏမိတ္တ အဆွေခင်ပွန်း ကောင်းသည် မိတ်ဆွေအပေါ်
ပေးနိုင်ခဲသော အရာကိုပေး၏။ မိတ်ဆွေအတွက် ပြုနိုင်ခဲသော အရာကို ပြု၏။
မိတ်ဆွေအပေါ် သည်းခံနိုင်ခဲသော အရာကို သည်းခံ၏။
မိတ်ဆွေ ဘေးရန်ကြုံ တွေ့သည့် အခါ
စွန့်ပစ်၍မသွား။ မိတ်ဆွေစီးပွား ဥစ္စာပျက်စီးသော အခါ မထီမဲ့မြင်မပြု။ မိမိ၏
မိတ်ဆွေအ ပေါ် ရယူရန် မစဉ်းစားဘဲ ပေးဆပ်ရန်ကိုသာ စဉ်းစားဆောင် ရွက်သည်။ ဤကား
မိတ်ကောင်း ဆွေကောင်းပင်တည်း။ မိတ်တုဆွေတု ဆိုသည်မှာ သူတော်ကောင်း
တရားများ ဆိတ်သုဉ်းနေသူ ဖြစ်ပြီး မိမိ၏ မိတ်ဆွေအပေါ် ပေးဆပ်ရန် မစဉ်းစားဘဲ
ရယူရန်ကိုသာ စဉ်းစား ဆောင်ရွက်သည်။ မြိုးမြိုးမြက် မြက်ရမည်ဆိုပါက
မိတ်ဆွေ၏နောက်ကျောကို ဓားနှင့်ထိုး တန်ထိုးမည်။ မိတ်ဆွေအပေါ်
မိမိကလွှမ်းမိုးထိန်းချုပ်ထား နိုင်မည့် အခြေအနေနှင့် အချိန်အခါကို
မပြတ်ရှာဖွေနေ သည်။ မိမိလိုချင်သော အခြေအနေမဖြစ်သေးလျှင်ဖန်တီး မည်။ ဤကား
မိတ်ဆွေတုပင် တည်း။ မိတ်ကောင်းဆွေ ကောင်းအရေအတွက်နှင့် မိတ်တုဆွေတု
အရေအတွက်နှိုင်း ယှဉ်ကြည့်ပါက မိတ်တုဆွေတုအရေအတွက်က ပိုမိုများပြား
နေမည်ဖြစ်သည်။
မိတ်ကောင်းဆွေကောင်းနှင့် ကြုံတွေ့ရန်ခဲယဉ်းသည်
တောင်ဟူသမျှ၌ ပတ္တမြားမရှိ၊ ဆင်ဟူသမျှ၌
အမြုတေ မရှိ၊ တောဟူသမျှ၌ စန္ဒကူးမရှိ၊ အရပ်တိုင်း၌ မိတ်ကောင်း
ဆွေကောင်းမရှိဟု အဆုံးအမရှိသည်။ မိတ်ကောင်းဆွေ ကောင်းရှား
ပါးပုံနှင့်ပတ်သက်၍ အနောက်တိုင်းတွေးခေါ် ပညာရှင်တစ်ဦး၏အကြောင်းကို
တင်ပြလိုသည်။ ဂရိတွေး ခေါ်ပညာရှင် ဆော့ခရတ္တိသည် ၄င်းနေထိုင်ရန် အိမ်ဆောက်
သည်။ ဆောက် လုပ်သည့် အိမ်မှာ ခပ်ကျဉ်းကျဉ်း၊ ခပ်သေး သေးဖြစ်သည်။
ပတ်ဝန်းကျင်ကသူ့အိမ်ကို သေးငယ်သည်ဟု ဝေဖန်ကြသည်။ ထိုအခါ ဆော့ခရတ္တိက
''ကျွန်ုပ်အိမ်ကို မိတ်ကောင်း ဆွေကောင်းတွေ လာရင်တော့ လုံလောက်ပါတယ်''ဟူ၍
ပြန်လည်ဖြေကြားသည်။ သဘောမှာ လောက၌ မိတ်ကောင်းဆွေကောင်း ရှားပါးပုံကို
ရည်ညွှန်းခြင်း ဖြစ်သည်။
မိတ်ကောင်း ဆွေကောင်း အရေးကြီးသည်
လူတိုင်းသည် ဘဝခရီးကို ဖြတ်သန်းနေကြ
သူများဖြစ်သည်။ ဤသို့ဖြတ်သန်းရင်း လောကဓံ တရား (၈) ပါးဖြစ်သော
လာဘ-ပစ္စည်းဥစ္စာ ပေါများခြင်း၊ အလာဘ-ပစ္စည်းဥစ္စာ ရှားပါးခြင်း၊ ယသ-အခြွေ အရံ
ပေါများခြင်း၊ အယသ- အခြွေအရံ မရှိခြင်း၊ နိန္ဒာ-အကဲ့ရဲ့ ခံရခြင်း၊
ပသံသာ-အချီးမွမ်း ခံရခြင်း၊ သုခံ-ချမ်းသာခြင်း၊ ဒုက္ခံ-ဆင်းရဲခြင်း
စသည်တို့ကို မလွဲမသွေ ကြုံကြရမည်။ ဤသို့လောကဓံ တရား များနှင့် ကြုံတွေ့ရသည့်
အခါ မိတ်ကောင်းဆွေကောင်း ရှိနေရန် များစွာ လိုအပ်သည်။ သို့မှသာ
ကြုံတွေ့ လာရသော လောကဓံတရား အမျိုးမျိုးကို အောင်မြင်စွာ ရင် ဆိုင်နိုင်မည်
ဖြစ်သည်။ ဟန်ဆောင်ကောင်းသော မိတ်ဆွေတုသည် ရန်သူထက်ပင် ဆိုးသည်ဟု အဆုံးအမ
ရှိသည်။ မိတ်ဆွေတု မိတ်ဆွေယောင်ကို မိတ်ဆွေကောင်း ထင်မှတ်၍ ဆည်း ကပ်နေခြင်း
သည် မိမိကို ဖျက်ဆီးမည့်သူ၊ အန္တရာယ်ပြုမည့်သူနှင့် ဘဝခရီးကိုဖြတ်
သန်းနေခြင်း ဖြစ်သည်။ မိတ်ဆွေတုသည် မိမိမိတ်ဆွေ၏ အကျိုးပျက်စီး စေခြင်းကို
အချိန် မရွေး ပြုလုပ်မည် ဖြစ်သည်။
မိတ်ဆွေစစ် (၄) မျိုး
မိတ်ဆွေစစ် (၄) မျိုးရှိသည်။ ယင်းတို့မှာ
ကျေးဇူးပြုတတ် သူ၊ မိမိနှင့် ထပ်တူထပ်မျှ သဘောထားပြီး ကိုယ်ချင်းစာနာ
စိတ်အပြည့်ထားရှိသူ၊ အကျိုးစီးပွားကိုပြောကြားတတ်သူ၊ အစဉ် သနား
စောင့်ရှောက် တတ်သူတို့ ဖြစ်ကြသည်။
မိတ်ဆွေကောင်း၏ တာဝန် ဝတ္တရားများ
မိတ်ကောင်း ဆွေကောင်း၏ တာဝန်
ဝတ္တရားများမှာ အောက်ပါအတိုင်း ဖြစ်သည်။ မိတ်ဆွေကို စောင့်ရှောက် ရမည်။
မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို ကာကွယ်စောင့် ရှောက်ရမည်။ ကြောက်ရွံ့ အားငယ်နေသော
မိတ်ဆွေ၏ အားကိုးအားထား ဖြစ်စေရမည်။ ဘေးရန်နှင့် ကြုံတွေ့ နေရသော
မိတ်ဆွေကို မစွန့်ပစ်ရ၊ မိတ်ဆွေ၏ သားစဉ်မြေးဆက်ကို တုံ့ပြန်ချီး
မြှောက်ရမည် စသည့် အချက်များ ဖြစ်သည်။
မိတ်ကောင်းဆွေကောင်း၏ လက္ခဏာရပ် (၁၆) ချက်
မိတ်ကောင်းဆွေကောင်း၊ မိတ်ဆွေစစ်
မိတ်ဆွေမှန်လျှင် အောက်ဖော်ပြပါ လက္ခဏာ ရပ်များ ရှိသည်။ ယင်းတို့မှာ
ရပ်ဝေးသို့ ရောက်ရှိနေသော မိတ်ဆွေကို အမြဲသတိရခြင်း၊ မိတ်ဆွေ ရောက်
ရှိလာမှုကို နှစ်သက်ခြင်း၊ မိတ်ဆွေကို နှစ်သက်ခြင်း၊
မိတ်ဆွေ၏စကားကိုနှစ်သက်ခြင်း၊ မိတ်ဆွေ၏ မိတ်ဆွေကိုသာ ပေါင်းသင်းခြင်း၊
မိတ်ဆွေ၏ ရန်သူနှင့် မပေါင်းသင်းခြင်း၊ မိတ်ဆွေအား စကားဖြင့်
တိုက်ခိုက်နေသူအား တားမြစ်ခြင်း၊ မိတ်ဆွေ၏ ဂုဏ်ကျေးဇူးကို ပြောသူများအား
ချီးကျူးခြင်း၊ မိတ်ဆွေအား မိမိလျှို့ဝှက်ချက်ကို ပြောကြားခြင်း၊ မိတ်ဆွေ၏
လျှို့ဝှက်ချက်များကို လျှို့ဝှက်ထားခြင်း၊ မိတ်ဆွေ၏ လုပ်ဆောင်မှုများကို
ချီးကျူးခြင်း၊ မိတ်ဆွေ၏ ဥာဏ်ပညာကို ချီးမွမ်းခြင်း၊ မိတ်ဆွေ၏
ကြီးပွားခြင်းကို နှစ်သက်ခြင်း၊ မိတ်ဆွေ၏ မကြီးပွားခြင်းကို မနှစ်သက်ခြင်း၊
တိုးတက်အောင်မြင်မှု အခွင့်အလမ်းကောင်းများကို ရရှိသည့်အခါ မိတ်ဆွေအား
သတိရခြင်း၊ မိမိရရှိနေသော အခွင့်အလမ်း ကောင်းများကို မိတ်ဆွေအားလည်း
ရရှိစေလိုခြင်း စသည်တို့ ဖြစ်သည်။
မိတ်ဆွေတု (၄) မျိုး
မိတ်ဆွေတု (၄) မျိုးရှိသည်။ ယင်းတို့မှာ
ယူရုံသာယူတတ်သူ၊ နှုတ်ကသာ ပေးတတ်သူ၊ အကြိုက် လိုက်၍ ပြောဆိုတတ်သူ၊ ပစ္စည်းဥစ္စာ
ပျက်စီးကြောင်းမှာ အဖော်ပြုသူ စသည်တို့ ဖြစ်ကြသည်။
မိတ်ဆွေတုတို့၏ လက္ခဏာရပ် (၁၆) ချက်
မိတ်ဆွေတု၏ လက္ခဏာရပ် ၁၆ ချက်ရှိသည်။
ယင်းတို့မှာ မိတ်ဆွေကို တွေ့သည့်အခါ ဝမ်းမြောက်ဝမ်းသာ မဖြစ်ခြင်း၊ မိတ်ဆွေ၏
စကားကို မနှစ်သက်ခြင်း၊ မိမိကိုယ်သာ ကြည့်ပြီး မိတ်ဆွေကို
ပြန်မကြည့်ခြင်း၊ မိတ်ဆွေ၏ ဆန့်ကျင်ဘက်ကို ပြုလုပ်ခြင်း၊ မိတ်ဆွေ၏
ရန်သူ များနှင့် ပေါင်းသင်းခြင်း၊ မိတ်ဆွေ၏ မိတ်ဆွေများနှင့်
မပေါင်းသင်းခြင်း၊ မိတ်ဆွေ၏ ဂုဏ်ကျေးဇူး ကို ပြောကြားသူအား တားမြစ်ခြင်း၊
မိတ်ဆွေအား နှုတ်ဖြင့် တိုက်ခိုက်နေသူကို ချီးကျူးခြင်း၊ မိတ်ဆွေ အား
မိမိလျှို့ဝှက်ချက်ကို မပြောခြင်း၊ မိတ်ဆွေ၏ လျှို့ဝှက်ချက်များကို
မလျှို့ဝှက်ခြင်း၊ မိတ်ဆွေ၏ ဆောင်ရွက်မှုများကို မချီးကျူးခြင်း၊ မိတ်ဆွေ၏
ဥာဏ်ပညာကို မချီးကျူးခြင်း၊ မိတ်ဆွေ၏ ထိခိုက်ဆုတ်ယုတ်မှုကို နှစ်သက်ခြင်း၊
မိတ်ဆွေ၏ တိုးတက် အောင်မြင်ခြင်းကို မနှစ်သက်ခြင်း၊ တိုးတက်အောင်မြင်မှု
အခွင့်အလမ်း ကောင်းများကို ရရှိသည့် အခါ မိတ်ဆွေကို သတိမရခြင်း၊
မိမိရရှိနေသော အခွင့်အလမ်း ကောင်းများကို မိတ်ဆွေအား မရရှိစေလိုခြင်း စသည့်
အချက် များ ဖြစ်သည်။
လူဆိုသည်မှာ ဘဝခရီးကို ဖြတ်သန်းရာ၌
ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ဝန်ကိုယ်ထမ်း၊ ကိုယ့်ခရီး ကိုယ်နှင်ရမည်။
မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်သည်။ သို့သော် ဘဝခရီးကို ဖြတ်သန်းရင်း
မိတ်တုဆွေတုနှင့် ပေါင်းဖော် မိတတ်သည်။ ထိုအခါ မည်မျှပင် အရည်အချင်းရှိသူ၊
မည်မျှပင် အသိဥာဏ်ကြီးသူ ဖြစ်စေကာမူ အမှောင်ထု အတွင်းသို့ ကျရောက်ပြီး
မရွေးသင့်သော လမ်းကို ရွေးမည်။ မလျှောက်သင့်သော လမ်းကို လှမ်းမည်။ လမ်းမှား
လျှောက်မှုကြောင့် ထိခိုက် ဆုတ်ယုတ်မှု အမျိုးမျိုးကို ခံစားရသည်။ ကလျာဏ
မိတ္တဟူသော မိတ်ေ ဆွကောင်းနှင့် ပေါင်းဖော်မိပါက အလင်းရောင်
အမျိုးမျိုးရရှိပြီး လမ်းမှန်ပေါ်သို့ လျှောက်လှမ်းနိုင်မည်။ တိုးတက်
အောင်မြင်မှုအပေါင်း၊ ဂုဏ်သိက္ခာ အပေါင်း တိုးတက်မည်။ ဘဝရည်မှန်းချက်
ပန်းတိုင် ကို လှမ်းကိုင်နိုင်မည်။ ထပ်ဆင့်တင်ပြ လိုသည်မှာ လူ့ဘဝကို
ခေတ္တရောက်နေခိုက် အမြတ်ရအောင်၊ တန်ဖိုးရှိသော လူဖြစ်အောင်
စိတ်ကောင်းထားကြရန်၊ ဆရာကောင်းကို မှီဝဲရန် ကလျာဏမိတ္တ မိတ်ကောင်း
ဆွေကောင်းကို မှီဝဲဆည်းကပ် သွားကြပါရန် တိုက်တွန်း အပ်ပါသည်။ ။
By ကျော်ကျော်သန်း (မဟာဝိဇ္ဇာ)
No comments:
Post a Comment