Friday, October 4, 2013

အခြေခံပညာရေး ဖွဲ့စည်းမှုပုံစံ (သူငယ်တန်း)+ ၅-၄-၃ စနစ်သို့ ပြောင်းလဲနိုင်ရန် စီမံချက် (မူကြမ်း) အား ပညာရေး ၀န်ကြီးဌာနမှ ရေးဆွဲနေ

အခြေခံပညာရေး ဖွဲ့စည်းမှုပုံစံကို (သူငယ်တန်း) ကေဂျီ + ၅-၄-၃ စနစ်သို့ ပြောင်းလဲ အကောင် အထည် ဖော်နိုင်ရန် စီမံချက်(မူကြမ်း)အား ပညာရေး ၀န်ကြီးဌာနမှ ရေးဆွဲလျက်ရှိကြောင်း ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်က ပြောကြားသည်။
အောက်တိုဘာ ၃ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၀ မှ ဦးနု မေးမြန်းသည့် လက်ရှိ အခြေခံပညာရေး ဖွဲ့စည်းပုံစနစ် ''သူငယ်တန်း+ ၄+၄+၂'' အစား ပြောင်းလဲကျင့်သုံး အကောင်အထည်ဖော်မည့် စနစ်အား ပညာရေး လုပ်သား ဆရာ/ဆရာမများနှင့် မိဘပြည်သူများထံ အသိပေးရှင်းလင်း နိုင်ပါရန် မေးခွန်းအား ဒုတိယ၀န်ကြီး က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

''အခြေခံပညာရေး ဖွဲ့စည်းမှုပုံစံ ပြောင်းလဲ အကောင်အထည် ဖော်နိုင်ဖို့ ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ စီမံချက်(မူကြမ်း)ကို ရေးဆွဲလျက် ရှိပါတယ်။ မူကြမ်းရေးဆွဲပြီးရင်တော့ နိုင်ငံတော် အစိုးရနဲ့ လွှတ်တော်များသို့ တင်ပြအတည်ပြုချက် ရယူနိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်'' ဟု ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်က ပြောကြားသည်။

လက်ရှိ အခြေခံပညာရေး ဖွဲ့စည်းမှု KG + ၄-၄-၂ စနစ် (အခြေခံပညာရေး၏ စုစုပေါင်း ပညာသင်နှစ် ၁၁ နှစ်) ကို အာဆီယံ ဒေသတွင်း နိုင်ငံများ၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အခြေခံပညာရေးစနစ် ဖွဲ့စည်းမှု ပုံစံများနှင့် လိုက်လျောညီထွေ ဖြစ်စေရန်(သူငယ်တန်း) KG + ၅-၄-၃ စနစ်သို့ ပြုပြင်ပြောင်းလဲ ကျင့်သုံးနိုင်ရန်အတွက် လုပ်ငန်း အစီအစဉ်များနှင့် လိုအပ်ချက်များကို စီမံချက် ရေးဆွဲဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

ယင်းသို့ ပြောင်းလဲခြင်းဖြင့် သူငယ်တန်း (Kindergarten-KG) ကို အခြေခံပညာရေး စနစ်အတွင်း ထည့်သွင်း၍ မသင်မနေရ သတ်မှတ်ခြင်းဖြင့် အာဆီယံဒေသတွင်း မူလတန်းကြို ပညာရေး လွှမ်းခြုံမှု ရာခိုင်နှုန်း အနိမ့်ဆုံး ဖြစ်နေသည့် မြန်မာနိုင်ငံ၏ အခြေအနေကို အချိန်တိုအတွင်း မူကြိုပညာရေး လွှမ်းခြုံမှုကို မြင့်မားစေပြီး ငါးနှစ်အရွယ် ကလေးအားလုံးအား မူကြိုပညာရေး သင်ယူမှု အခွင့်အလမ်း အပြည့်အ၀ ရရှိစေမည် ဖြစ်ကြောင်း သိရသည်။

စနစ်ပြောင်းလဲပြီးပါက KG ကို လက်ရှိ သူငယ်တန်းကဲ့သို့စာသင်ကြားသည့် ပုံစံမျိုးမဟုတ်ဘဲ Learning Through Playing ပုံစံဖြင့် Whole Child Development ဥဿုံ ဖွံ့ဖြိုးမှုဖြစ်သည့် အသိဉာဏ်၊ ဘာသာစကား၊ ကာယ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်လှုပ်ရှားဖွံ့ဖြိုးမှုများ ရရှိစေကာ ကျောင်းတက်ရန် အသင့်ဖြစ်သည့် ကျောင်းသို့ ကူးပြောင်းစ ကာလအတွက် ပြင်ဆင်လေ့ကျင့်မှု ရစေမည့် ပုံစံမျိုးဖြစ်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

''၂၀၁၄-၂၀၁၅ ပညာသင်နှစ်ကစပြီး KG +၅-၄-၃ ဖွဲ့စည်းမှုပုံစံအရ သူငယ်တန်းနဲ့ အတန်းစဉ် အလိုက် ပြုပြင်ပြောင်းလဲ ရေးဆွဲထားသည့် သင်ရိုးသစ်များနဲ့ လေ့ကျင့်သင်ကြားပါက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ အထက်တန်းဆင့်၌ တစ်တန်းတိုး၍ Grade 12 ကို စတင်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ပညာသင်ကာလမှာ KG + 12 နှစ်နဲ့ပေါင်း ၁၃ နှစ်ရှိလာမှာ ဖြစ်ပါတယ်။ အခြေခံပညာသင်ကာလ ပြီးဆုံးတဲ့ ကျောင်းသား ကျောင်းသူတွေဟာ အသက် ၁၈ နှစ် ရင့်ကျက်တဲ့ အသက်အရွယ်မှာ အဆင့်မြင့်ပညာ တက္ကသိုလ်များသို့ တက်ရောက်နိုင်မှာဖြစ်လို့ နိုင်ငံတကာ စံနှုန်းများနဲ့ ကိုက်ညီမှာ ဖြစ် ပါတယ်'' ဟု ဒုတိယ၀န်ကြီး ဒေါက်တာစန်းလွင်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment