Friday, October 11, 2013

ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု ညံ့ဖျင်းချက်များ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြင်းပြင်းထန်ထန် ဝေဖန်

ပညာရေး ဒု-၀န်ကြီးပင် အလွတ်ကျက်လာသည့် စာကို လွှတ်တော်တွင် ဖတ်ပြဟုဆို

ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန်လိုအပ်နေပြီဟု ထောက်ပြပြောဆိုမှုများရှိနေသည့် မြန်မာ့ပညာရေးလောကတွင် စီမံခန့်ခွဲမှု အားနည်းချက်၊ သင်ကြားနည်းစနစ် မှားယွင်းမှု၊ ကျူရှင်စနစ်စသည်တို့ ချွတ်ချော်နေမှု များအတွက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြင်းပြင်း ထန်ထန် ဝေဖန် ပြစ် တင် လိုက်သည်။

အောက်တိုဘာ ၁၀ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မြန်မာ့ပညာရေးလောက၏ ချွတ်ချော် တိမ်းစောင်းနေမှုများအတွက် ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ် ၁၀ မှ ဦးနုက မေးခွန်းထုတ်ခဲ့ရာ ပညာရေး ဒု-၀န်ကြီး ဒေါက်တာစန်းလွင်က ပြန်လည်ဖြေကြားမှုအပြီး ဦးခင်အောင်မြင့်က ဝေဖန်လိုက်ခြင်းဖြစ်သည်။

ဦးနု၏ မေးခွန်းကို ဒေါက်တာစန်းလွင် ဖြေကြားပြီးပြီးချင်း “ဒု-၀န်ကြီးက အလွတ်ကျက်လာတဲ့စာကို လာရွတ်ပြ သလို ဖြစ်နေတယ်”ဟု ဦးခင်အောင်မြင့်က ဝေဖန်ကာ “ပညာရေး စီမံခန့်ခွဲမှု ညံ့နေသေးတယ် ဆိုတာ ဒါအဖြေပဲ”ဟု ထောက်ပြပြောဆိုခဲ့သည်။

လွှတ်တော်အမတ် ဦးနုက ကျောင်းပြင်ပတွင် ကျူရှင်သင်နေရခြင်း ပပျောက်အောင် လုပ်ဆောင်ပေးနိုင် မည့် နည်းလမ်းများကို မေးမြန်းခဲ့ရာ ပညာရေးဒု-၀န်ကြီး ဒေါက်တာစန်းလွင်က “ဆရာ၊ ဆရာမများ ကျူရှင် လုံးဝမသင်ရဆိုတဲ့ အမိန့် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်” ပြန်လည် ဖြေကြားခဲ့သည်။

ကျောင်းဆရာ ဆရာမများ ကျူရှင်သင်ကြားရခြင်း၏ အကြောင်းရင်းသည် စားဝတ်နေရေးကြောင့်ဟု လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဦးခင်အောင်မြင့်က ထောက်ပြလိုက်ပြီး ကျောင်းဆရာများ၏ ဆန်အိုးကို ပြည့်အောင် ဖြည့်ပေးရန် တိုက်တွန်း ပြောကြားသွားသည်။

“နံပါတ်တစ်က ဆရာတွေ ဆန်အိုးထဲမှာ ဆန်ပြည့်နေဖို့ လိုပါတယ်။ ဒါကြောင့် ပြည်ထောင်စု လွှတ်တော် ကနေ ဘတ်ဂျက်တွေ တိုးပေးတဲ့အတွက်ကြောင့် ဆရာတွေလည်း ရာထူးတွေ တိုးပေးပြီးပြီ။ နောင် ကိုလည်း နိုင်ငံရဲ့အခြေအနေကို မူတည်ပြီးတော့ ကျောင်းဆရာဆိုတဲ့ လူတန်းစား ဆန်အိုးကို ဆန်ပြည့်နေအောင် ဂုဏ်သရေရှိရှိ နေနိုင်အောင် နိုင်ငံတော်က လုပ်ပေးဖို့လိုပါတယ်”ဟု ပြော ကြားသွားခဲ့သည်။

သားသမီးများကို ကျူရှင်ထားရခြင်းနှင့် ပတ်သက်ပြီး မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁၇) မူလတန်းကျောင်းမှ ကျောင်းသားမိဘတစ်ဦးက “ဆရာမက သူ့ဆီမှာ ကျူရှင်ထားတဲ့သူနဲ့ မထားတဲ့သူကို သပ်သပ်စီခွဲထားတာ။ အဲ့ဒါကြောင့် ကလေးမျက်နှာငယ်မှာစိုးလို့ ကျူရှင်ထားတာပေါ့။ ကျူရှင်ထားတာချင်း အတူတူတောင်မှ ပိုက်ဆံပိုပေးနိုင်တဲ့သူကို ပိုပြီး ဂရုစိုက်တယ်”ဟု မဇ္ဈိမကို ပြောသည်။

သင်ကြားမှုနည်းစနစ်ပိုင်းနှင့် ပတ်သက်၍လည်း ဆရာရေးပြသင်ကြားမှုကို ကျောင်းသားကို အလွတ်ကျက်စေခြင်းကြောင့် နိုင်ငံတကာတွင် အသုံးပြုနေသည့် ကျောင်းသားဗဟိုပြုစနစ် သင်ကြားနည်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ဆိုသည်။

“ကျောင်းသားဗဟိုပြုဆိုတဲ့စနစ်က ပြောတာပြောနေတယ်။ ဘာမှ ကျောင်းသားကို ဗဟိုမပြုဘူး”ဟု ဦးခင်အောင်မြင့်က ပြောသည်။

“သင်ကြားရေးစီမံခန့်ခွဲမှု ပိုင်နိုင်ဖို့ လိုပါတယ်။ ဒီဆရာတွေဟာ ကလေးတွေကို စာသင်တယ်ဆိုတဲ့အခါမှာ ဘာသင်သလဲ။ ပုဒ်စာတွေ ဖြေရှင်းတတ်အောင် သင်ကြားတာပဲ၊ စဉ်းစားတတ်အောင် တွေးခေါ် တတ်အောင် သင်ကြားတယ်”ဟု မြန်မာ့ပညာရေး၏ သင်ကြားမှုစနစ်ကို ဦးခင်အောင်မြင့်က ထောက်ပြ ခဲ့သေးသည်။

သို့သော် သင်ကြားနေသည့် သင်ရိုးများသည် “မညံ့ပါဘူး”ဟု ဦးခင်အောင်မြင့်က ပြောဆိုသော်လည်း ပဉ္စမတန်း ပထ၀ီဝင် သင်ရိုး၊ စာမျက်နှာ ၂၆ နှင့် ၂၇ တို့တွင် ပါရှိသည့် မြေပုံအညွှန်းတွင် အနောက်ဘက် တောင်တန်းဒေသကို အရှေ့ဘက်ကုန်းမြင့်ဒေ သဟု ညွှန်းထားပြီး အရှေ့ဘက် ကုန်းမြင့်ဒေသကိုမူ အနောက်ဘက် တောင် တန်းဒေသဟု မှားယွင်း ပုံအညွှန်းတပ်ထားသည်။

မင်းမင်း
Mizzima - News in Burmese

No comments:

Post a Comment