Thursday, October 3, 2013

အစိုးရအဖွဲ့ အားနည်းချက် ထောက်ပြရန် တရားဥပဒေစိုးမိုးရေး ကော်မတီ ထံ သမ္မတ သဝဏ်လွှာပို့

အစိုးရတစ်ဖွဲ့လုံး၏ အားနည်းချက်များကို ကဏ္ဍစုံလင်စွာ ပိုမိုထိရောက်ပြည့် စုံအောင် ထောက်ပြ ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင် ရွက်နေသော ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို သဝဏ်လွှာပေးပို့ ထားကြောင်း အဆိုပါ ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

သြဂုတ်လအတွင်း ကျင်းပခဲ့သော သတ္တမအကြိမ် အစည်းအဝေးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် သက်ဆိုင်သည့် အချက် ၁၅ ချက်၊ တရားစီရင်ရေး မဏ္ဍိုင်နှင့် သက်ဆိုင်သည့် အချက်ခြောက်ချက်တို့ကို နှစ်ပတ်လည် အစီရင်ခံ စာအဖြစ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီးနောက်တွင် နိုင်ငံတော်သမ္မတက အထက်ပါအတိုင်း သဝဏ်လွှာ ပေးပို့လိုက်ခြင်းဖြစ်သည်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပိုမိုထိရောက်အောင် ဆောင်ရွက်လိုပါက ယင်းအစီရင်ခံစာပါကဲ့သို့ တရားရုံးနှင့် တရားစီရင်ရေး စနစ်၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန လက်အောက်ရှိ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်တို့၏ အားနည်းမှုများအပြင် သက်ဆိုင်သော အခြားကဏ္ဍ အသီးသီးတို့၏ အားနည်းချက် များကို ဖော်ထုတ် ထောက်ပြခြင်းဖြင့် ပိုမိုပြည့်စုံ ထိရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

အစိုးရအဖွဲ့အနေနှင့် အုပ်ချုပ်ရေးနှင့် သက်ဆိုင်သည့် အဖွဲ့အသီးသီးနှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏ ဆောင်ရွက်ရန် ကိစ္စများကို ခေတ်စနစ်နှင့်လျော်ညီသည့် ဥပဒေများ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ချမှတ်ပြဋ္ဌာန်း ဆောင်ရွက်လျက် ရှိကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်နှင့် ညီညွတ်စေရေးအတွက် တိုးမြှင့် ကြပ်မတ် ဆောင်ရွက်နေကြောင်း ယင်းသဝဏ်လွှာတွင် ပါရှိသည်။

“နိုင်ငံတော်သမ္မတက အသေးစိတ် အချက်အလက်တွေ အစီရင်ခံစာမှာ ထည့်သွင်း စေချင်တဲ့ သဘောပါ” ဟု အဆိုပါ သဝဏ်လွှာနှင့် ပတ်သက်ပြီး တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က သုံးသပ်သည်။

ထို့ပြင် နိုင်ငံတော်သမ္မတက တရားဥပဒေ စိုးမိုးရေး ခိုင်မာလာစေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စု အစိုးရအဖွဲ့၊ ဥပဒေပြုလွှတ်တော်၊ တရားစီရင်ရေး အဖွဲ့နှင့် ပြည်သူများ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပြီး အရည်အသွေးမြင့်သည့် မီဒီယာများကလည်း သမာသမတ် ရှိစွာဖြင့် အကြံပြု တည့်မတ်ပေးရန် လိုအပ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ရေးသားထားသည်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေး အပ်ခဲ့သည်။

တစ်နှစ်ကျော် သက်တမ်းရှိပြီ ဖြစ်သော အဆိုပါ ကော်မတီထံသို့ အစိုးရ အဖွဲ့နှင့် တရားစီရင်ရေး အားနည်းချက်များကြောင့် ပြည်သူလူထုက တိုင်ကြားသည့် တိုင်စာ တစ်သောင်းကျော် လက်ခံရရှိထားကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment