Thursday, October 3, 2013

လူငယ်များ၏ အခက်အခဲများနှင့် ပတ်သက်ပြီး လူငယ်ဗဟိုပြု စစ်တမ်းကောက်ရန် စီစဉ်

တစ်နိုင်ငံလုံးရှိ လူငယ်များကြားတွင် ဖြစ်ပေါ်နေသော အခက်အခဲများကို သိရှိနိုင်စေရန်နှင့် ညှိနှိုင်း မှုများ ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးက လူငယ် ဗဟိုပြု စစ်တမ်းများ ကောက်ယူရန် စီစဉ်နေပြီး လာမည့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်ကောက်ယူ သွားမည်ဖြစ်သည်ဟု လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပြောသည်။
အဆိုပါစစ်တမ်းကို ငြိမ်းချမ်းရေးရရှိပြီးသော နယ်စပ်ဒေသများတွင် အဓိကထား ကောက်ယူ သွားမည်ဖြစ်သည်ဟု လည်း လူငယ်များ အစည်းအရုံးမှ သိရသည်။

အဆိုပါ စစ်တမ်းသည် မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှပြုလုပ်သွားမည့် စီမံကိန်းများအနက်မှ တစ်ခုဖြစ်ပြီး စီမံကိန်းများကိုမြန်မာငြိမ်းချမ်းရေးစင်တာနှင့် သမ္မတရုံးသို့ စာတင်ထားသည်ဟုလည်း ကိုဇွဲရန်နိုင်က ပြောသည်။

၎င်းင်းက “စီမံကိန်းတွေကို ၂၀၁၅အထိ မပျက်မကွက်လုပ်ဆောင်သွားမှာပါ။ ၂၀၁၈ မှာ ဒီအစည်းအရုံးဟာ မြန်မာနိုင်ငံရဲ့  ရှေ့ဆောင်လူငယ်များ အစည်းအရုံးအဖြစ် လူငယ်တွေကို ဦးဆောင်သွားနိုင်ဖို့ အဓိက ရည်ရွယ် ပါတယ်။ အဲဒါကိုရည်မှန်းပြီး စီမံကိန်းတွေကို ပြုလုပ်သွားမှာပါ”ဟု
ပြောသည်။

မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးသည် လူငယ်များဦးဆောင် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်၍ အားနည်းချက်၊ လိုအပ်ချက်ရှိပါကဝေဖန်ထောက်ပြမှုများ ပြုလုပ်နိုင်သည်ဟု မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးက ဆိုသည်။

အသင်း၏ စီမံကိန်းအရ ၂၀၁၃တွင် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ ၂၀၁၄ တွင် လူငယ်ဗဟိုပြုစစ်တမ်းများ ကောက်ယူခြင်း၊ ၂၀၁၅တွင် လူငယ် များအား ရွေးကောက်ပွဲဆိုင်ရာအသိ ပညာများ မြင့်တက်စေရန်ဆောင်ရွက်ပေးသွားမည်ဟုလည်း အစည်းအရုံး မှ သိရသည်။

မြန်မာနိုင်ငံလူငယ်များအစည်းအရုံးအနေဖြင့် မကြာခင်ကာလအတွင်း အသင်း မှတ်ပုံတင်ပြုလုပ်ကာ လူငယ်အခြေပြု လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးကို ၂၀၁၁ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ လူငယ် အင်အားစုများမှနိုင်ငံ တစ်ဝှမ်းလုံးရှိ လူငယ်များအား ကိုယ်စားပြုနိုင်သည့် အသင်းအဖွဲ့တစ်ရပ် ရှိသင့်သည်ဟု ဆွေးနွေးကာ တိုင်းပြည် တည်ဆောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင် သည့်နိုင်ငံလုံးဆိုင်ရာ လူငယ်အဖွဲ့ အစည်းဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
 Mizzima

No comments:

Post a Comment