Wednesday, October 16, 2013

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများမှာ အုပ်စုဖွဲ့ ကျူးလွန်ခြင်းဟု ရဲတပ်ဖွဲ့က ယူဆထား၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ငူမြို့တို့တွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများနှင့် ပတ်သက်၍ သံသယရှိသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေ

AA-16-10
အောက်တိုဘာ ၁၅ ရက် ည ၁၂ နာရီခန့်တွင် သင်္ဃန်းကျွန်း မြို့နယ်အတွင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်၊ မန္တလေး၊ တောင်ငူမြို့များတွင် ဗုံးဆက်တိုက် ပေါက်ကွဲမှုနှင့် မပေါက်ကွဲမှုနှင့် ဗုံးများကို တွေ့ရှိရသည့် ဖြစ်စဉ်များမှ ကျူးလွန်သူဟု ယူဆထားသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း တရားဝင် ထုတ်ပြန်ချက်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ချိန်ကိုက်ဗုံးများ ဖောက်ခွဲမှုကို အုပ်စုဖွဲ့ ပြုလုပ်နေခြင်းဖြစ်ပြီး အဓိက ကျူးလွန်သည်ဟု ယူဆခံရသူ တစ်ဦးကို မွန်ပြည်နယ်အတွင်း အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များတွင် ပါဝင်သည်ဟု သံသယရှိသူ တစ်ဦးကို အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲခန့်က မွန်ပြည်နယ်၊ ဘီးလင်း-နက်ကြီး-ဖာပွန် ကားလမ်းတွင် မော်တော်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ် ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက ပြောကြားခဲ့သည်။
ကျူးလွန်သည်ဟု သံသယရှိသူ၏ အမည်မှာ စောမြင့်လွင် (၂၇ နှစ်) ဖာပွန်မြို့နယ်တွင် နေထိုင်နေသည်ဟု ၎င်း၏နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင် ဖော်ပြချက်အရ သိရသည်။
မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက "အောက်တိုဘာ ၁၅ ရက် နံနက် ၁ နာရီခွဲမှာ ကျွန်တော့်ဆီကို သတင်းတပ်ဖွဲ့ကနေ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်တယ်လို့ ယူဆထားတဲ့သူရဲ့ ဓာတ်ပုံတွေနဲ့ အချက်အလက်တွေကို ပေးပို့ပြီးတော့ ၀ိုင်းဝန်းပိတ်ဆို့ ရှာဖွေပေးဖို့ ဆက်သွယ်လာပါတယ်။ ဒါနဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့ မွန်ပြည်နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ ပိတ်ဆို့ရှာဖွေတဲ့ အခါမှာတော့ ကျူးလွန်တယ်လို့ ယူဆထားတဲ့သူက ရန်ကုန်ကနေ မွန်ပြည်နယ်ကို ကားနဲ့လာတယ်။ ပြီးတော့ ဘီးလင်းမြို့ကနေ ဖာပွန်ကို ဆိုင်ကယ်နဲ့ မောင်းနှင်သွားနေတဲ့ အချိန်မှာပဲ ဖမ်းဆီးရမိ ခဲ့ပါတယ်။ သူ့ကိုချက်ချင်းပဲ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပါတယ်" ဟု ပြောကြားသည်။
အောက်တိုဘာ ၁၄ ရက် ညပိုင်းက ကျောက်တံတားမြို့နယ် ကုန်သည်ကြီးများဟိုတယ် အခန်းမှတ် ၉၂၁ တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်မှ သံသယရှိသူ စောမြင့်လွင် ဆိုသူအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင် မြို့မှ ဖြူးမြို့သို့ ထွက်ခွာလာသည့် ဇေယျာဟိန်း ယာဉ်လိုင်းပေါ်တွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့်မိုင်း တွေ့ရှိခဲ့သည့် ဖြစ်စဉ်နှင့် အောက်တိုဘာ ၁၀ ရက် ပဲခူးမြို့ ချမ်းမြေ့တည်းခို ရိပ်သာတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု ဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ စောထွန်းထွန်းဆိုသူဖြစ်ပြီး ၎င်းအားဖမ်းဆီး ရမိရေး ကြိုးစားနေသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနမှ အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ကျူံးအနောက်ဘက် လမ်း ၈၀၊ ၁၆ လမ်းထောင့် ရှိ ရွှေဘဲစားသောက်ဆိုင်တွင် တွေ့ရှိသည့် ဗုံးနှင့်ပတ်သက်၍ မသင်္ကာဖွယ် နှစ်ဦး ကို ခေါ်ယူ စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးထံမှ သိရသည်။
အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံလုပ် M 67 အမျိုးအစား လက်ပစ်ဗုံး တစ်လုံးနှင့် အေအေဓာတ်ခဲ ခြောက်လုံး၊ စားပွဲတင်နာရီ တွဲလျက်ပါရှိသည့် အိတ်အမည်း တစ်လုံး အား ရွှေဘဲစားသောက်ဆိုင်သို့ လာရောက်စားသုံးသူ နှစ်ဦးမှ ကျန်ရစ်ခဲ့သည်ကို ဆိုင်ဝန်ထမ်းမှ လိုက်လံပေးဆောင်ရာ ၎င်းတို့ပစ္စည်း မဟုတ်ကြောင်း ငြင်းဆိုထွက်သွားခဲ့သူ နှစ်ဦးကို စီစီတီဗွီ ကင်မရာမှ တစ်ဆင့် ခြေရာခံလိုက်ကာ ယင်းနေ့ ညနေပိုင်း၌ တောင်သမန်အင်းတွင် တွေ့ရှိခဲ့ သဖြင့် ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။
"ဆိုင်ဝန်ထမ်းက လိုက်လာပြီး ပြန်ပေးတာကို လက်မခံတော့ ၁၆ လမ်း၊ ၈၀ နှင့် ၈၁ လမ်းကြားမှာ သွားထားတယ်။ နောက်ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့တာပါ။ သူတို့အိတ် မဟုတ်ကြောင်း ငြင်းနေပေ မယ့် စီစီတီဗွီမှာ သူတို့နဲ့အတူ ပါလာတဲ့ ပစ္စည်းဆိုတာ တွေ့ရတယ်။ ဆိုင်အပေါ်ထပ်မှာတော့ စီစီတီဗွီ ကင်မရာ တပ်ဆင်မထားပါဘူး။ သူတို့ ထိုင်သွားတာက  အပေါ်ထပ်က ခုံနံပါတ် ၁၄ မှာပါ။  ပစ္စည်းထုပ်က အဲဒီခုံအောက်က တွေ့တာပါ" ဟု  ဒုတိယရဲမှူးကြီး ဇော်မင်းဦး က ပြောကြားသည်။
ကုန်သည်ကြီးများဟိုတယ် အခန်းမှတ် ၉၂၁ တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်မှ သံသယရှိသူ စောမြင့်လွင် ဆိုသူအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှ ဖြူးမြို့သို့ ထွက်ခွာလာသည့် ဇေယျာဟိန်း ယာဉ်လိုင်းပေါ်တွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့်မိုင်း တွေ့ရှိခဲ့သည့် ဖြစ်စဉ်နှင့် အောက်တိုဘာ ၁၀ ရက် ပဲခူးမြို့ ချမ်းမြေ့တည်းခို ရိပ်သာတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု ဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ စောထွန်းထွန်းဆိုသူဖြစ်ပြီး ၎င်းအားဖမ်းဆီး ရမိရေး ကြိုးစားနေသည်ဟု . . . . .
ခေါ်ယူစစ်ဆေးလျက်ရှိသူ နှစ်ဦးမှာ အောင်အောင်(ခ)မိုဟာမက်ဆာလီနှင့် ချင်ဆုယဉ် အသက် (၃၈ နှစ်)၊ တရုတ်လူမျိုး၊ မလေးရှားနိုင်ငံသူ ခံယူထားသော အမျိုးသမီးဖြစ်ပြီး နှစ်ဦးစလုံးမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည် ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဗုံးပေါက်ကွဲမှုများ၊ မပေါက်ကွဲသေးသော ဗုံးများနှင့် လူစည်ကားရာ နေရာများတွင် ဗုံးဟုသံသယရှိသည့် ပစ္စည်းများကို ဆက်တိုက်ရှာဖွေ စစ်ဆေးမှုများ တွေ့ရှိနေရကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၀၀း၃၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း အဝေးပြေးဝင်းရှေ့ ကားမှတ်တိုင်၌ ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနီးအနားတွင် မပေါက်ကွဲသေးသည့် အခြားဗုံးတစ်လုံးကို ထပ်မံတွေ့ရှိ ခဲ့သည်။
အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖောင်း အနီးတွင် ပစ်ထားသော သစ်လုံးတင်ကား နောက်တွဲအောက်တွင် အမည်းရောင်ကြွပ်ကြွ့ပ်အိတ်ဖြင့် ထည့်ထားသည့် အထုပ်အား ဒေါပုံမြို့နယ် သင်္ဘောကျင်း ရပ်ကွက်၌ နေထိုင်သည့် ထက်အောင်နိုင် (၁၄) နှစ်နှင့် ၀င်းမင်းထွေး (၁၄) နှစ် တို့နှစ်ဦးမှ ကောက်ယူ၍ အိတ်အတွင်း ပါရှိသော အနီရောင် စားပွဲတင်နာရီ၏ လက်တံအား လှည့်ကြည့်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ၎င်းတို့နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ ဟာဘိဝင်းအတွင်း WESTERN PARK RUBY စားသောက်ဆိုင် အတွင်းရှိ စားပွဲခုံနံပါတ် (၁၉) အောက်တွင် မပေါက်ကွဲသေးသည့် ချိန်ကိုက်ဗုံး တစ်လုံးကိုလည်း ထပ်မံတွေ့ရှိ ခဲ့ရသည်။
ယင်းကဲ့သို့ ပေါက်ကွဲမှုများနှင့် မပေါက်ကွဲသေးသည့် ဗုံးများကို တွေ့ရှိပြီးနောက် အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲ အချိန်တွင်လည်း ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ် ၉ လွှာ အခန်းနံပါတ် ၉၂၁ ၏ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် ရေချိုးရန် ပြင်ဆင်နေသည့် အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ "အခု အချိန်မှာတော့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ မပေါက်သေးဘဲနဲ့ ဗုံးတွေ့ရှိခဲ့တဲ့ နေရာတွေကို စနစ်တကျ ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ ဒါ့အပြင် ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်တယ်လို့ ယူဆထားတဲ့ သံသယရှိသူ သုံးဦးကို စစ်ဆေးနေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက "အခု မကြာခင်မှာ တရားခံတွေကို ဖော်ထုတ်နိုင်တော့မှာပါ။ အခုချိန်မှာ စစ်ဆေးချက်အရ တရားခံတွေက အုပ်စုဖွဲ့ လုပ်တယ်လို့ တွေ့ရှိရတယ်။ ပြီးတော့ သူတို့ အ၀င်အထွက် ပြုလုပ်ခဲ့တဲ့ ကားလမ်းကြောင်းတွေနဲ့ အခြားအချက်အလက်တွေကို စစ်ဆေးရရှိ ပါပြီ" ဟု အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားသည်။
ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်ရှိ အခန်းတစ်ခန်းအတွင်း ဗုံးပေါက်ကွဲခဲ့မှု ဖြစ်စဉ်ကို လတ်တလော စစ်ဆေးချက်အရ ရေချိုးရန် ပြင်ဆင်နေသည့် အမေရိကန်နိုင်ငံသူမှာ ချိန်ကိုက်ဗုံး ထည့်ထားသည့်အိတ်ကို ဖွင့်ဖောက်ခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ဆက်လက်၍ "ပြည်သူတွေ အနေနဲ့ စိုးရိမ်မှုတွေ ဖြစ်နေတာထက် လုံခြုံရေး သတိရှိဖို့ လိုအပ်ပါတယ်။ အထုပ်မြင်တိုင်း မဆွဲဖို့ သံသယ ရှိတယ်လို့ မြင်ခဲ့ရင်လည်း သက်ဆိုင်ရာကို အမြန်ဆုံး အကြောင်းကြားရမယ်။ တောင်ငူမှာဖြစ်တဲ့ ဗုံးပေါက်ကွဲမှု၊ သာကေတမှာဖြစ်တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ကုန်သည်ကြီးများ ဟိုတယ်မှာဖြစ်တဲ့ ဗုံးပေါက်ကွဲမှုတွေက ချိန်ကိုက်ဗုံးတွေ ထည့်ထားတဲ့အိတ်ကို ဖွင့်ကြည့်ပြီးတော့ သွားထိခဲ့လို့ ပေါက်ကွဲခဲ့တာပါ။ ဒါ့ကြောင့် သက်ဆိုင်ရာကို ဦးစွာဆက်သွယ် သင့်ပါတယ်" ဟု ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားသည်။
ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အမေရိကန်သူမှာ လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေ ကောင်းမွန်လာပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကုသခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနေကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှုများနှင့် မပေါက်ကွဲသေးသောဗုံးများ ဆက်တိုက်တွေ့ရှိ နေမှုကြောင့် ပြည်သူများ စိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး သံသယရှိသည့် ပစ္စည်းများကိုလည်း စိုးရိမ်စိတ်များဖြင့် ယခုရက်ပိုင်းအတွင်း သက်ဆိုင်ရာ ရဲစခန်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆယ်သွယ်အကြောင်းကြားမှု အများအပြား ရှိနေသည့်အပြင် သတင်းအရ မသင်္ကာသည့် ပစ္စည်းများကိုလည်း သွားရောက်စစ်ဆေးမှုများ မကြာခဏ ပြုလုပ်နေရသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

၂၀၀၅ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သော ထင်ရှားသည့် ဗုံးပေါက်ကွဲမှု/ဗုံးလန့်မှု ဖြစ်စဉ်အချို့
၂၀၀၅ ခုနှစ် မေ ၇ ရက် - မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ရန်ကုန်ကုန်သွယ်မှု ဗဟိုဌာန၊ မရမ်းကုန်းမြို့နယ်ရှိ Junction 8 ဈေးဝယ်စင်တာ၊ စမ်းချောင်းမြို့နယ်ရှိ ဒဂုံစင်တာတို့တွင် အချိန်ငါးမိနစ်စီခြား၍ ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့။ ဗုံးပေါက်ကွဲမှုကြောင့် ၁၁ ဦး သေဆုံးခဲ့ပြီး ၁၆၂ ဦး ဒဏ်ရာရရှိခဲ့။ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များသည် KNU၊ ရွက်ဆစ်ဦးစီးသော SSA၊ KNPP နှင့်  ပြည်ပြေးစိန်ဝင်း ဦးဆောင်သော NCGUB တို့၏  လက်ချက်ဖြစ်ကြောင်း အစိုးရထုတ် သတင်းစာများတွင် ဖော်ပြခဲ့။
၂၀၀၅ ခုနှစ် အောက်တိုဘာ ၂၁  ရက် - ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ ကုန်သည်ကြီးများဟိုတယ် ဆိုင်းဘုတ်အနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့။
၂၀၀၆ ခုနှစ် ဇန်န၀ါရီ  ၈ ရက် - စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နန်းဖာလုံဈေးတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား။
၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၃၀ ရက် - ဖြူးမြို့ စည်ပင်သာယာ ဈေးအတွင်း ဆိုင်ခန်းတစ်ခန်း၌ မသင်္ကာဖွယ် အထုပ်တစ်ထုပ် ထားရှိသွားသည်ကို တွေ့ရ၍ ဘေးကင်းရာသို့ ပြောင်းရွှေ့ပြီး စောင့်ကြပ်ကြည့်ရှုစဉ် ပေါက်ကွဲမှု ဖြစ်ပွား။
၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် - ရန်ကုန်-မန္တလေး ရထားလမ်း၊ ကွင်းချောင်းတံတား ရထားသံလမ်းပေါ်တွင် မိုင်းနှစ်လုံးတွေ့ရှိ၊ ထိုနေ့မှာပင် ပေါက်ကွဲစေရန် အသင့်ချိန်ရွယ်ထားသည့်
၃ ဒသမ ၅ ရော့ကက်လောင်ချာသီး တစ်လုံးနှင့် အချိန်ကိုက်ထားသော စားပွဲတင်နာရီနှင့် ပူးတွဲချည်နှောင်ထားသည့် ဗုံးသီးတစ်လုံးအား သိမ်းဆည်းရမိ။
၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် - ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အတွင်း၌ မန္တလေး-ရန်ကုန် ရထားလမ်း မိုင်တိုင်အမှတ် ၁၇၆/၂၁၊ ရထားသံလမ်းအောက်တွင် တီအင်န်တီယမ်း ခုနစ်ပေါင်၊ ယမ်းပျော့မှုန့် တစ်ပေါင်၊ ရိုးရိုးယမ်း တစ်ပေါင်၊ ဒစ်တိုနေတာ ၁၂ ခု၊ ဓာတ်ခဲအလုံး ၂၀ တို့အား သိမ်းဆည်းရမိ။
၂၀၀၆ ခုနှစ် ဧပြီ ၂၀ ရက် - ရန်ကုန်မြို့ နေရာခြောက်ခုတွင် အသေးစား ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား။
၂၀၁၀  ပြည့်နှစ် ဧပြီ ၁၅ ရက် - မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့။ ရှစ်ဦးသေဆုံးပြီး ၁၇၀ ဦး ဒဏ်ရာရရှိခဲ့။ အဆိုပါ ဖြစ်စဉ်တွင် ကိုဖြိုးဝေအောင်အား တရားခံဟုဆိုကာ သေဒဏ်ချမှတ်ခဲ့ပြီး လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ကင်ဆာရောဂါဖြင့် ကွယ်လွန်။ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ကိုဖြိုးဝေအောင်တွင် အပြစ်မရှိကြောင်း ၎င်း၏မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ဖော်ပြောကြားခဲ့။
၂၀၁၁ ခုနှစ် ဧပြီ ၉ ရက် - ပုဇွန်တောင်ဈေးအနီး ရွှေမြန်မာ ထီဆိုင်ရှေ့တွင် မသင်္ကာဖွယ်ရာ စက္ကူပုံးတစ်ခု တွေ့ရှိခဲ့ပြီး ရှင်းလင်းခဲ့ရ။
၂၀၁၁ ခုနှစ် မေ ၁၈ ရက် - ရန်ကုန်-မန္တလေး အမှတ် (၃) အဆန်ရထားတွဲ အမှတ် (၃) နေပြည်တော် ရွှေမြို့ဘူတာ အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူခြောက်ဦး ဒဏ်ရာရရှိ။
၂၀၁၁ ခုနှစ် ဇွန် ၃ ရက် - ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ အာလာဒင် Recreation Centre တွင် မိုင်းဗုံးဟု သံသယဖြစ်ဖွယ် ပစ္စည်းများကို သက်ဆိုင်ရာက စစ်ဆေးခဲ့။
၂၀၁၁ ခုနှစ် ဇွန် ၁၁ ရက် - နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့မဈေး အများသုံး သန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲပြီး လူသုံးဦး ဒဏ်ရာရရှိ။
၂၀၁၁ ခုနှစ် ဇွန် ၂၄ ရက် - နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် ငုဝါလမ်းတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့။
၂၀၁၁ ခုနှစ် ဇွန် ၂၄ ရက် - မန္တလေးမြို့ ချမ်းအေးသာစည်မြို့နယ် ဈေးချိုတော် ၈၄ လမ်း၊ ၂၇ လမ်း ၂၈ လမ်းကြား မန်းမြန်မာ ပလာဇာရှေ့နှင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုဟိုတယ် မြေညီထပ်ရှေ့တွင် ရပ်ထားသော ကားတစ်စီး၌ ဗုံးပေါက်ကွဲခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိ။ အဆိုပါ နေ့၌ပင် မန္တလေး ဈေးချိုဟိုတယ်ရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နောက်ထပ်သုံးနာရီခန့် အကြာတွင် ၈၄ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ သာသနာ့ဟိတအသင်း ဓမ္မသာလာ အနီးရှိ အမှိုက်ပုံး၌ ဆေးဖြင့် ဗုံးဟု ရေးသားထားမှုကို တွေ့ရှိ၍ စစ်ဆေးခဲ့ရာ အမှိုက်ပုံးအတွင်း ဗုံးတွေ့ရှိခဲ့ပြီး ဖောက်ခွဲဖျက်ဆီး ရှင်းလင်းခဲ့ရ။ ထို့နေ့မှာပင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၃) အကွက် အမှတ် (၄) ရှိ လူမနေသော အိမ်တစ်ခု၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့။
၂၀၁၁  ခုနှစ် အောက်တိုဘာ ၂၅ ရက်- ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သံသုမာ လမ်းမကြီး တစ်နေရာ၌ အဌားယာဉ် တစ်စီးပေါ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိ။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်- ရန်ကုန်မြို့တော် ခန်းမရှေ့ ခြံဝန်းအတွင်း ယာဉ်များရပ် ထားသည့် နေရာ၌ ပြည်ပနိုင်ငံလုပ် M 75 လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ၍ ဖောက်ခွဲဖျက်ဆီးခဲ့။  
၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက် - ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် နာနတ်တော လမ်းပေါ်ရှိ အဆောက်အအုံ တစ်ခု၏ ရှေ့ဓာတ်တိုင် အုတ်ခုံပေါ်တွင် ဗုံးဟုယူဆရသော မသင်္ကာဖွယ်ပစ္စည်း တွေ့ရှိသောကြောင့်  သွားရောက်စစ်ဆေးခဲ့ရ။
၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက် - မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် ဇေတ၀န် ဘုရားဝန်းအတွင်း မသင်္ကာဖွယ်ရာ အထုပ်တွေ့ရှိ။
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်- မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိ။
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်- ကမာရွတ်မြို့နယ် တက္ကသိုလ် ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ တက္ကသိုလ်ရိပ်သာဝင်းနှင့် တစ်ဆက်တည်းရှိနေသော ပန်းခြံငယ်အတွင်း ဖွင့်ထားသည့် အများသုံး သန့်စင်ခန်း၌ ဗုံးပေါက်ကွဲခဲ့ပြီး လူတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့။ ထိုဖြစ်စဉ် မတိုင်မီက မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူ စိုင်းတင်မင်းကို(ခ) သက်လင်း၏ နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့ရာ မိုင်းနှင့်ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိခဲ့။
၂၀၁၁ ခုနှစ်အတွင်း - ကချင်ပြည်နယ်၌ အစိုးရနှင့် ကေအိုင်အေတို့အကြား ဖြစ်ပွားခဲ့သော စစ်ရေးတင်းမာမှုများကို အကြောင်းပြုပြီး မိုင်းခွဲဖျက်ဆီးခံရမှုများ စုစုပေါင်း အကြိမ် (၁၀၀) ကျော် ရှိခဲ့။
၂၀၁၃ အောက်တိုဘာ  ၉ ရက် - ပဲခူးတိုင်း ဖြူးမြို့နယ် ဖြူးစာတိုက်ရှေ့ရှိ ခရီးသည်တင် ယာဉ်ပေါ်တွင် လက်လုပ်ဗုံးတစ်လုံး တွေ့ရှိခဲ့။
၂၀၁၃ အောက်တိုဘာ ၁၁ ရက် - တောင်ငူမြို့နယ် ၁၇ ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ဗုံးပေါက်ကွဲခဲ့ပြီး ရဲဝန်ထမ်းတစ်ဦး အပါအ၀င် နှစ်ဦးသေဆုံးခဲ့။
၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်- ရန်ကုန်မြို့ စော်ဘွားကြီးကုန်း အဝေးပြေးကွင်းဝင်းရှေ့တွင် ဗုံးပေါက်ကွဲခဲ့၊ ဗုံးပေါက်ကွဲရာ နေရာအနီးတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသော ဗုံးတစ်လုံး ရှာတွေ့။ ထိုနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်ကြား ယမုံနာလမ်းဘေးရှိ ချိန်ကိုက်ဗုံးတစ်လုံး ပေါက်ကွဲပြီး နှစ်ဦးဒဏ်ရာရရှိခဲ့။ ထိုနေရာ၌ပင် မပေါက်ကွဲဘဲ ကျန်ရှိနေသော ယမ်းတုံးနှင့် ချိန်ကိုက်နာရီတစ်လုံး၊ ၀ါယာကြိုးများ တွေ့ရှိခဲ့။
၂၀၁၃ အောက်တိုဘာ ၁၄ ရက် - မန္တလေးမြို့ရှိ ရွှေဘဲစားသောက်ဆိုင်တွင် ဗုံးတစ်လုံး တွေ့ရှိ ခဲ့ပြီး ဖောက်ခွဲဖျက်ဆီးခဲ့ရ။ ထိုနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ Western Park Ruby စားသောက်ဆိုင်အတွင်း ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အရာတစ်ခုကို တွေ့ရှိခဲ့။ ထိုနေ့ ညပိုင်းမှာပင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ် ကိုးထပ်ရှိ အခန်းနံပါတ် ၉၂၁ တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့။
၂၀၁၃ အောက်တိုဘာ ၁၅  ရက် - စစ်ကိုင်းမြို့ရှိ ရွှေပြည့်စုံဟိုတယ် စားသောက်ခန်းတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့။ နာရီပိုင်းအကြာတွင် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် အ၀င်လမ်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့။ ထိုနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး သံသယရှိသူ တစ်ဦးကို မွန်ပြည်နယ်အတွင်း ဖမ်းဆီရမိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်။ တောင်ငူမြို့တွင် ကျူးလွန်ခဲ့သူဟု သံသယရှိသူကို အမည်သိရှိရပြီး ဖမ်းဆီးနိုင်ရန် ဆက်လက်ကြိုးပမ်းနေဟုဆို။

Eleven

No comments:

Post a Comment