Wednesday, October 16, 2013

အောက်တိုဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်နှစ်ခု၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

တစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မင်္ဂလာဒုံမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင်  မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း  သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန် အမှတ် ၅၈၊ အမှတ် ၆ လမ်းရှိ Super Star ရေတိုင်ကီများ ထားရှိရာ ဂိုထောင်တွင် အောက်တိုဘာ ၁၅ ရက်၊ မွန်းလွဲ ၁၂နာရီ ခွဲဝန်းကျင်တွင် မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။
ဂိုထောင်အတွင်းရှိ မီးဖိုချောင် မီးလောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်ရသည့် အကြောင်းရင်းမှာ ထမင်းချက်ပြီး လူစောင့်မရှိပဲ ထားခဲ့ခြင်းကြောင့် မီးဖိုမှတစ်ဆင့် မီးလောင်ကျွမ်းရခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ပျဉ်ကာ မီးဖိုချောင်တစ်ခု လောင်ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ယင်းဂိုထောင်အတွင်းတွင် ဖိုင်ဘာ ရေတိုင်ကီများ၊ စတီးရေတိုင်ကီများနှင့် ရေတိုင်ကီပြုလုပ်ရာတွင် အသုံးပြု ဆက်စပ်ပစ္စည်းများ ထားရှိကြောင်း သိရသည်။
အဆိုပါမီးလောင်မှုနှင့် ပတ်သတ်၍ မီးပေါ့ဆစွာ သုံးစွဲသူ မြတ်စိုးအား မင်္ဂလာဒုံမြို့မ ရဲစခန်းမှ (ပ) ၆၄၂ /၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်  အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အလားတူ ကျောက်တံတားမြို့နယ်  ၃၆ (အထက်) လမ်း၊  အမှတ် (၂၀၀) ပထမထပ်ရှိ သရဖူမဂ္ဂဇင်းတိုက် ၀ဲဘက်တိုက်ခန်းတွင် ည ၈ နာရီက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုမှာ ယင်းမဂ္ဂဇင်းတိုက် ပထမထပ်ရှိ ၀ဲဘက်တိုက်ခန်းမှ ည ၈ နာရီတွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၈ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊  မီးလောင်မှု အကြောင်းအရင်းမှာ ယင်းတိုက်ခန်းရှိ အဲကွန်း ၀ါယာရှော့မှ မီးစတင် လောင်ကျွမ်းခဲ့ကြောင်း ကျောက်တံတားမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲတစ်ဦးက ည ၁၀ နာရီ တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
" မီးစလောင်တာကတော့ ၈ နာရီဝန်းကျင် လောက်ကပါ။ မီးသတ်ကား ငါးစီးနဲ့ လာငြိမ်းတယ်။ မီးကတော့ အရမ်းကြီး မကြီးပါဘူး။ ၀ါယာနံ့တွေတော့ရတယ်။ ဘာကြောင့် လောင်တာလည်းဆိုတာ မသိရဘူး။ မီးလောင်မှုကြောင့် ဘေးအခန်းမှာနေတဲ့ အမျိုးသမီးတစ်ယောက်တော့ သတိလစ်သွားတယ်လို့ သိရတယ် " ဟု ယင်းအနီးနားတွင် နေထိုင်သူ မသက်သက်က ပြောသည်။

Eleven

No comments:

Post a Comment