Saturday, October 12, 2013

အဆင့်မြင့်ပညာရေး ဥပဒေတွင် ထည့်သွင်း အကြံပြုမည့် အဆင့်မြင့် ပညာရေးကဏ္ဍ မူဝါဒသဘောထား စစ်တမ်း ပြည်သူ့လွှတ်တော်သို့ တင်သွင်းမည်

(ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်အား တွေ့ရစဉ် (ဓာတ်ပုံ-တိုးအောင်))
အဆင့်မြင့်ပညာရေး ဥပဒေ ရေးဆွဲရာတွင် ထည့်သွင်း အကြံပြုနိုင်ရန် ပညာရေး ၀န်ကြီးဌာန လက်အောက်တွင် ရှိသော တက္ကသိုလ် အသီးသီးရှိ ဆရာ၊ ဆရာမများ ကျောင်းသား ၊ ကျောင်းသူများ ၊ ကျောင်းသား မိဘများထံမှ ကောက်ယူသည့် အဆင့်မြင့် ပညာရေးကဏ္ဍ မူဝါဒ သဘောထား စစ်တမ်းအား ပြည်သူ့လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂမှ သိရသည်။

အဆိုပါ တက္ကသိုလ်များ၏ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေး၊ ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများ တာဝန်အပ်နှံခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း၊ လွတ်လပ်စွာ ပညာသင်ကြားနိုင်ရေး၊ ပညာရေး လွတ်လပ်ခွင့်များ ပါဝင်နိုင်မည့် အဆင့်မြင့် ပညာရေး မူဝါဒသဘောထား စစ်တမ်းအား ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ၊ အမျိုးသားပညာရေးနှင့် ပညာရေးနှင့် သက်ဆိုင်သော အဖွဲ့အစည်းများအား တင်ပြပြီး အဆင့်မြင့် ပညာရေး ဥပဒေအား ရေးဆွဲပြီး လွှတ်တော်တွင် ဆွေးနွေး အတည်ပြုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

''အဆင့်မြင့်ပညာရေး စစ်တမ်းကို ပြည်သူ့လွှတ်တော်ကို တင်သွင်းမှာပါ။ အခုလက်ရှိ ကျွန်တော်တို့ တက္ကသိုလ်တွေမှာရှိတဲ့ ကျောင်းသားတွေနဲ့ ဆရာတွေဆီက ကောက်ယူနေဆဲပါပဲ။ နောက်အပတ် လောက်ဆိုရင်တော့ စစ်တမ်းပြီးစီး နိုင်မှာပါ။ အဲဒီတော့မှပဲ အခြေအနေ သိရမှာပါ'' ဟု တက္ကသိုလ်ဆရာ၊ ဆရာမများ သမဂ္ဂမှ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောကြားခဲ့သည်။

ယင်းတက္ကသိုလ်ဆရာ၊ ဆရာမများ သမဂ္ဂမှ အဆင့်မြင့်ပညာရေး သဘောထား စစ်တမ်းအား နိုင်ငံတစ်ဝန်းလုံးရှိ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ကောလိပ် ၄၆ ကျောင်းအား စစ်တမ်းကောက်ယူ သွားမည်ဖြစ်ပြီး ကောက်ခံရရှိသော အဆင့်မြင့်ပညာရေး စစ်တမ်းများအပေါ် မူတည်၍ အခြေခံပညာရေး မူဝါဒတစ်ရပ် ချမှတ်ပြီး ဥပဒေကြမ်း ရေးဆွဲကာ ပြည်သူ့လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆင့်မြင့် ပညာရေး မူဝါဒသ ဘောထား စစ်တမ်းထဲတွင်လည်း တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂမှ မြန်မာနိုင်ငံရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စနစ်အား ကျင့်သုံးခဲ့သည့် ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်များ အပါအ၀င် တက္ကသိုလ်များအားလုံး ယခင်အခါကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ ပြန်လည်ဖြစ်ပေါ် လာစေရေး အတွက် အကြံပြုချက် စစ်တမ်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။



Eleven Media Group

No comments:

Post a Comment