Wednesday, October 23, 2013

ဒီမိုကရေစီ အစိုးရ မှန်ပါက ပြည်သူ့ဆန္ဒအား ကောင်းသောတုံ့ပြန်မှုဖြင့်သာ တုံ့ပြန်မည်ဟု ယုံကြည်ကြောင်း NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် ပြောကြား

ဒီမိုကရေစီ အစိုးရ မှန်ပါက ပြည်သူလူထု၏ ဆန္ဒအား ကောင်းသောတုံ့ပြန်မှုဖြင့်သာ တုံ့ပြန်မည်ဟု ယုံကြည်ကြောင်း NLD ပါတီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် ဦးကိုနီက ပြော ကြား သည်။

NLD ရန်ကုန်အနောက်ပိုင်း ခရိုင်မှ တော်ဝင်နှင်းဆီ ခန်းမတွင် အောက်တိုဘာ ၂၁ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ခံယူပွဲတွင် ၎င်းက ထိုသို့ ပြော ကြားခြင်း ဖြစ် သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ နိုင်ငံတော်၏ အသက်ဝိညာဉ်ဖြစ်ပြီး ပြည်သူနှင့် အစိုးရကြား ချုပ်ဆို ထားသည့် သဘောတူစာချုပ် တစ်ခုဖြစ်သည်ဟု ၎င်းကပြောကြားသည်။

ထို့နောက် အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့၏ ကျွန်အဖြစ် နေခဲ့ရသည်မှာ တူညီသော် လည်း အမေရိကန်နိုင်ငံသည် လွတ်လပ်ရေး ရချိန်မှ စတင်ပြီး ဒီမိုကရေစီ စံချိန် စံညွှန်းနှင့် ပြည့်စုံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အုပ်ချုပ်ခဲ့သောကြောင့် ယနေ့ခေတ်တွင် ကမ္ဘာပေါ်၌ အင်အား အကြီးဆုံး နိုင်ငံအဖြစ် ရပ်တည်နိုင်သည်ဟုလည်း ၎င်းကဆိုသည်။

ထို့နောက် မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ်က ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပုဒ်မပေါင်း ၁၄၃ ခုသာ ပါဝင်ခဲ့ပြီး၊ ၁၉၇၄ ခုနှစ်တွင် ရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပုဒ်မပေါင်း ၂၀၉ ခုသာ ပါဝင်ကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပုဒ်မပေါင်း ၄၅၇ ခုအထိ ပါဝင်နေသောကြောင့် ဖောင်း ပွလျက် ရှိနေပြီး အခြေခံဥပဒေ ဆိုသည်မှာ ကျစ်လျစ်ရန် လိုအပ်သည်ဟု ဦးကိုနီက ပြောကြားသည်။

NLD နာယက ဦးတင်ဦးက "ဥပဒေရဲ့ သဘောက ပြင်ဆင်သွားရင်းနဲ့ ပြည်သူလူထုရဲ့ သဘောထား အစစ်အမှန်ကို ပြသနိုင်တဲ့ အခြေခံ ဥပဒေတစ်ခု ဖြစ်သွားမှာပါ။ ညှိနှိုင်းဆောင်ရွက်ရင်းနဲ့လည်း ကိုယ် လိုချင်တဲ့ အခြေခံဥပဒေသစ် ဖြစ်သွားမယ်လို့ နားလည်ရပါမယ်။ အခုလို ပြင်ဆင်မယ်လို့ ဆုံးဖြတ် လိုက်တာက နွေးထွေးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ အသစ်ရေးဆွဲမယ်ဆိုတဲ့ လူတွေ ဟာလည်း ဒီမိုကရေစီ စနစ်အရ ကွဲပြားပိုင်ခွင့် ရှိပါတယ်" ဟု အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထားခံယူပွဲတွင် ပြောကြားသည်။

ထိုဆွေးနွေးပွဲတွင် တက်ရောက်လာသူများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ၉၆ ရာခိုင်နှုန်း က သဘော တူညီခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် စလယ်ဆုံးပြင်ရမည်ဟု သတ်မှတ်ခဲ့ပြီး မည်သည့်အရာများကို ဦးစားပေး ပြင်ဆင်ရမည် ဆိုသည်ကို လက်တွေ့ကျကျ စဉ်းစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထိုသို့ပြင် ဆင်ရာတွင်လည်း ဒီမိုကရေစီနည်းကျကျ တတ်နိုင်သမျှ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ရာတွင် အကောင်းဆုံးကို မျှော်လင့်ထားသကဲ့သို့ အဆိုးဆုံးကိုလည်း ပြင်ဆင်ထားရမည်ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ ဆန္ဒသဘောထား ကောက်ယူခြင်းမှ ရရှိလာသည့် ပြည်သူ့ဆန္ဒ သဘောထား များကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ NLD မှ တင်ပြသွားမည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment