Wednesday, October 23, 2013

တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်ကတ် ITC ကတ်ကို တိုင်းကျော်ပြည်ကျော် ကုန်သွယ်မှုပြုရန် လျှောက်ထားသူများအား ခွင့်ပြုမည် မဟုတ်

တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်ကတ် (ITC) များကို နယ်စပ်နေ ပြည်သူများအတွက်သာ ရည်ရွယ်ထားပြီး လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လုပ်ငန်းရှင်များက ITC ကတ်ဖြင့် ကုန်သွယ်ရန် လျှောက်ထားမှုများ ရှိနေပြီး ထိုသို့ကျော်လွန်၍ ကုန်သွယ်မှုပြုလုပ်ရန် လျှောက်ထားသူများကို ခွင့်ပြုပေးမည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

တရားမ၀င် မှောင်ခိုကုန်သွယ်မှု ပပျောက်ရန် အသေးစား လုပ်ငန်းရှင်ငယ်များအတွက် ITC ကတ်ဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ကို နယ်စပ်နေ ဒေသခံ ပြည်သူများအတွက်သာ ရည်ရွယ်လုပ်ဆောင် ခဲ့ခြင်းဖြစ်သည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ခွင့်ပြုမပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC) ကတ်ဖြင့် ကုန်သွယ်မှုမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၃ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းအထိ ကုန်သွယ်မှုကတ်ပေါင်း ၅၀၁ ကတ်နှင့် ကျပ်သန်းပေါင်း ၃၈၆၂ ဒသမ ၃၂၄သန်းဖိုးအထိ ကုန်သွယ်မှု ပြုလုပ်ထားကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ နယ်စပ်စခန်းအလိုက် ITC ကတ်ဖြင့် ကုန်သွယ်ခွင့်ပြုခဲ့ရာ တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှာ ITC ကတ် အသုံးပြု ကုန်သွယ်မှု အများဆုံးဖြစ်ကြောင်း သိရသည်။

တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှာ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံဘက်သို့ ကွမ်းသီး၊ ချင်းစိုနှင့် ပြည်တွင်းထုတ် စီးကရက်များကို အများဆုံး တင်ပို့ပြီး အိန္ဒိယနိုင်ငံဘက်မှ ဂျုံမှုန့်များ အများဆုံး တင်သွင်းလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် နယ်စပ်တစ်လျှောက်တွင် တရားဝင် ကုန်သွယ်မှုများ ပြုလုပ်နိုင်ရန် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ၁၅ ခုရှိပြီး မြန်မာ-တရုတ် နယ်စပ်တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြန်မာ-ထိုင်း နယ်စပ်တွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မြန်မာ-အိန္ဒိယ နယ်စပ်တွင် တမူး၊ ရိဒ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်တွေ၊ မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းများကို ဖွင့်လှစ်ထားကြောင်း သိရသည်။

နယ်စပ်များမှတစ်ဆင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် မြန်မာ-တရုတ် နယ်စပ်မှ ကုန်သွယ်မှု အများဆုံး ပြုလုပ်ပြီး ဒုတိယ အများဆုံးအဖြစ် မြန်မာ-ထိုင်း နယ်စပ်များမှ ကုန်သွယ်မှုပြုလုပ်နေပြီး အဆိုပါ နယ်စပ်များ၌ပင် တရားဝင်လိုင်စင်ဖြင့် ကုန်သွယ်မှုမရှိဘဲ ရှောင်ကွင်းလမ်းများဖြင့် တရားမ၀င် ကုန်သွယ်မှုမှာ မြင့်မားနေဆဲဖြစ်ပြီး မြန်မာ-ထိုင်း နယ်စပ်ရှိ မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန် တစ်ဝိုက်တွင် တရားမ၀င် ကုန်သွယ်မှုပြုနေသည့် ဂိတ်ပေါင်း ၂၂ ဂိတ်အထိ ရှိနေကြောင်း သိရသည်။

၁၀ လကျော် ကာလအတွင်း တရားမ၀င် ကုန်စည်များအား ဖမ်းမိခဲ့ရာတွင် မူဆယ်-မန္တလေး လမ်းကြောင်းမှ အများဆုံး ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ကျပ် ၃ ဒသမ ၃ ဘီလျံကျော်ဖိုးရှိ ကုန်စည်များ ကုန်သွယ်မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment