Wednesday, October 23, 2013

မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားခရီးသွားများ ကန့်သတ်ဒေသများသို့ သွားရောက်လိုက ခွင့်ပြုချက် ရရှိရေးနှင့် လုံခြုံရေး ဆောင်ရွက်ပေးမည်

မြန်မာနိုင်ငံ အတွင်းသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြား ခရီးသွားများ အနေဖြင့် ကန့်သတ်ဒေသများသို့ သွားရောက်လိုပါက ခွင့်ပြုချက် ရရှိရေး ဆောင်ရွက်ပေးပြီး လုံခြုံရေး ဆောင်ရွက်ပေးမည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွိုင်လင်မဲ ဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သီ မေးမြန်းသည့် "လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်၊ နမ့်ဆန်ဒေသများသို့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများ ခွင့်ပြုပေးရန် ရှိ၊ မရှိ" မေးခွန်းကို ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားများ၏ လုံခြုံရေးနှင့် နိုင်ငံတော် လုံခြုံရေးတို့အတွက် ခရီးသွားလာခွင့်ပြု ဒေသများကို ပြည်ထဲရေး ၀န်ကြီးဌာန အနေဖြင့် အမိန့်ထုတ်ပြန် ကန့်သတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြား ခရီးသွားများ အနေဖြင့် ကန့်သတ်ဒေသ/လမ်းကြောင်းများအပြင် အခြားဒေသများသို့ပါ သွားရောက်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင်ရှိသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသို့ ဆက်သွယ်ရန် လိုကြောင်း၊ ဆက်သွယ် လာပါက ခွင့်ပြုချက် အမြန်ဆုံး ရရှိစေရေးအတွက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲ ရှိသဖြင့် အကူအညီ တောင်းခံလာ ပါကလည်း ကူညီဖြေရှင်း ဆောင်ရွက်ပေးမည်ဟု ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment