Sunday, November 17, 2013

ရွှေပေါက်ကံမြို့သစ်ရှိ သိမ်းဆည်းထားသည့် လယ်မြေနေရာများပေါ်မှ ပိုနေသည့် ပလပ်မြေများကို ရပ်ကွက် အုပ်ချုပ်ရေးပိုင်းများက အကွက်ဖော်ပြီး လက်သိပ်ထိုး ရောင်းစားနေဟု ဒေသခံများဆို

H.17.11
လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(၁)မှ ဒေါ်ခင်ဝိုင်းကြည်က ရှင်းလင်း ပြောကြားနေစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ မြို့သစ်ရှိ သိမ်းဆည်းထားသည့် လယ်မြေနေရာများပေါ်မှ အဆောက်အအုံ ဆောက်လုပ်ခြင်း မရှိသည့် ပလပ်မြေများကို ရပ်ကွက် အုပ်ချုပ်ရေးပိုင်းများက လက်သိပ်ထိုး ရောင်းစားနေသည်ဟု လယ်သိမ်းခံ ကာယကံရှင်များက နိုဝင်ဘာ ၁၆ ရက်က  ရွှေပေါက် ကံ မြို့သစ်၊ ၁၄ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက လယ်ယာမြေ စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့(၁)နှင့် တွေ့ဆုံစဉ် ပြောကြားသည်။
၎င်းတွေ့ဆုံပွဲကို လယ်ယာမြေ အသိမ်းဆည်းခံခဲ့ရသည့် လယ်သမားများ၊ လယ်ယာမြေ စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့(၁)၊ အိုးအိမ်၊ အုပ်ချုပ်ရေးပိုင်းနှင့် စည်ပင်တို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။
ရွှေပေါက်ကံ  ၂၁ ရပ်ကွက်တွင် နေထိုင်သည့် ဦးကိုကိုလေးက "ကျွန်တော့်လယ်တွေ အသိမ်းခံရတာ ၃၈ ဧက ရှိပါတယ်။အသိမ်းခံရတုန်းက လယ်သမားအမည်ပေါက် တစ်ဦးကို (ပေ ၄၀_ပေ ၆၀) မြေကွက် တစ်ကွက်ပေးပါတယ်။ ဒီသိမ်းထားတဲ့ မြေနေရာတွေပေါ်မှာ ဘာမှမဆောက်ဘဲနဲ့ ရှိနေတဲ့ ပလပ်မြေတွေ ရှိနေတယ်။ ဒါတွေကို ကျွန်တော်တို့ မူလပိုင်ရှင်တွေက ပြန်လိုချင်တယ်။ ဒါပေမဲ့ အဲဒီပလပ်မြေတွေကို ရပ်ကွက် အုပ်ချုပ်ရေးပိုင်းတွေက ငွေကြေးနဲ့ ငှားစားတာတွေ၊ လက်သိပ်ထိုး ရောင်းစားနေတာတွေ ရှိနေတဲ့အတွက် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို တိုင်ကြားထားပါတယ်။ ကျွန်တော် ကတော့ အသိမ်းခံထားရတဲ့ ကိုယ့်မြေပေါ်က ပိုနေတဲ့ ပလပ်မြေကို ပြန်လိုချင်ပါတယ်" ဟု The Daily Eleven သို့ ပြောကြားသည်။
အလားတူ ၂၂ ၀န်ထမ်းရပ်ကွက်တွင် နေထိုင်သည့် ဦးဝင်းဌေးက"အဆောက်အအုံ စီမံကိန်းတွေ အကောင်အထည်ဖော်ပြီး ကျန်ခဲ့တဲ့ ပလပ်မြေတွေကို ပြန်ပေးမယ်ဆိုပြီး နိုင်ငံတော် သမ္မတကပြောခဲ့တာ ရှိပါတယ်။ စသိမ်းတုန်းက ကျွန်တော့်လယ် ၁၅ ဧက ပါသွားပါတယ်။ ခုကျန်နေတဲ့ ပလပ်မြေက သုံးဧကလောက် ရှိပါတယ်။ ဒီပလပ်မြေတွေပေါ်မှာ အရင်ရပ်ကွက်အုပ်ချုပ်ရေးပိုင်းတွေက အိုးအိမ်၊ စည်ပင်နဲ့ပေါင်းပြီး ငွေကြေးရယူပြီး တဲဆောက်နေခိုင်းတာတွေ သွားတွေ့တယ်။ ဒါတွေက အုပ်ချုပ်ရေးပိုင်းတွေက လက်သိပ်ထိုး ရောင်းစားတာ၊ ငှားစားတာတွေ ဖြစ်တယ်။တခြား ပလပ်မြေကွက်တွေမှာဆိုလည်း ၄၀၀၀၀၊ ၅၀၀၀၀ လောက်ယူပြီး တဲအိမ်တွေ ဆောက်ပြီး နေခိုင်း တာတွေ အများကြီးရှိနေပါတယ်။ ဒီအတွက် အဲဒီလိုမျိုးရောင်းစားတဲ့ အသံဖိုင်ကို စီဒီခုပ်ပြီး လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို  တိုင်ကြားထားတယ်" ဟု ဆိုသည်။
လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(၁)မှ ဦးအောင်သိန်းလင်းက" ရွှေပေါက်ကံမှာ အဓိကပြဿနာက ပလပ်မြေကွက်တွေကို ဆယ်အိမ်မှူး၊ ရာအိမ်မှူးဆိုတဲ့ လက်တစ်ဆုပ်စာ လူတွေက မြေကွက်ဖော် ကိုယ်ကျိုးရှာ လက်သိပ်ထိုး ရောင်းနေတာ သွားတွေ့တယ်။ ဒီလိုမျိုး ဥပဒေချိုးဖောက်ပြီး ရောင်းစားနေတာကို အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဘာကြောင့် ဖော်ထုတ်ပြီး အရေးမယူသလဲဆိုတာ ကျွန်တော်တို့ အမျိုးမျိုး စဉ်းစားနေရတယ်"ဟု ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး  မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ နိုဝင်ဘာ ၁၆ ရက် ည ၆ နာရီခန့်က တစ်ကြိမ်၊ ၇ နာရီခန့်တွင် တစ်ကြိမ်နှင့် ၈ နာရီတွင် တစ်ကြိမ် ဖုန်းဖြင့် မေးမြန်း ခဲ့သော်လည်း ဖုန်းဖြေဆိုသူ အမျိုးသားက မြို့နယ် အုပ်ချုပ်ရေးမှူးမှာ အပြင်သွားရာမှ ပြန် မရောက်သေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။  

Eleven

No comments:

Post a Comment