Thursday, November 28, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်၏ ဆုံးဖြတ်ချက်မှာ အလွန်အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျနိုင်ငံတွင် မြန်မာမိသားစုများနှင့် တွေ့ဆုံရာ၌ ပြောကြား

သြစတြေးလျနိုင်ငံသို့ ပထမဆုံးအကြိမ် အဖြစ်ရောက်ရှိနေသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၇ ရက်၌ ဆစ်ဒနီမြို့ရှိ ဆစ်ဒနီပြဇာတ်ရုံတွင် ကျင်းပသည့် မြန်မာမိသားစုများနှင့် တွေ့ဆုံရာတွင် မိန့်ခွန်းပြောကြားရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ကာကွယ်ရေးဦးစီးချုပ်၏ ဆုံးဖြတ်ချက်မှာ အလွန်အရေး ပါကြောင်း ပြော ကြားသည်။

''ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ အလွန်အရေး ပါပါတယ်။ လွှတ်တော် ထဲမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အဲဒီ ၂၅ ရာခိုင်နှုန်းဟာ လူထုဆန္ဒမဲနဲ့ ရွေးချယ်ထား တာမဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ရွေးချယ်ထားတာပါ။ တကယ်လို့ ဖွဲ့စည်းပုံကို ပြင်မယ် ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုရမှဖြစ်နိုင် လိမ့်မယ်။ ကာကွယ်ရေး ဦးစီးချုပ် က တိုက်ရိုက်ခန့်ထားတာဆိုတော့ တကယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြင်မယ် ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေက ပြင်ဖို့ထောက်ခံမဲပေးမယ်။ တကယ်လို့ သူကသာ မပြင်ချင်ဘူး ဆိုရင်တော့ တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်လိမ့်မယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီနည်းလမ်း လုံးဝမကျသော ဖွဲ့စည်းပုံ အဖြစ်ပြစ်တင် ဝေဖန်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ကမ္ဘာပေါ်တွင် ပြင်ရ အခက်ဆုံး ဥပဒေတစ်ခုဖြစ်နေကြောင်း ပြောကြားသည်။ ထို့ပြင် ယခုဖွဲ့စည်းပုံ အခြေခံ ဥပဒေ သည် မြန်မာနိုင်ငံကို ဒီမိုကရေစီပြည့်ဝသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန်အတွက် တားဆီး ထားသော ဥပဒေတစ်ခုလည်း ဖြစ်ကြောင်း ပြောကြားသည်။

''မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေဟာ ကမ္ဘာပေါ်မှာရှိသမျှ နိုင်ငံတိုင်းထက် ပြုပြင်ရအခက်ခဲ ဆုံးအခြေခံ ဥပဒေ ဖြစ်နေပါတယ်။ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အခြေခံဥပဒေလည်း ဖြစ်ပါတယ်။ အခြေခံ ဥပဒေပြင်ဆင်မယ်မ ပြင်ဆင်ဘူးဆိုတာကိုတောင် ဒီမိုကရေစီနည်း လမ်းကျရွေးချယ်ထားသူ တစ်ယောက်မဟုတ် တဲ့ သူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေတယ်ဆိုမှတော့ ဒီလိုဥပဒေကို ဘယ်လိုလုပ် ဒီမိုကရေစီ နည်းလမ်းကျတဲ့ ဥပဒေတစ်ခုလို့ ပြောလို့ရနိုင်ပါ့မလဲ''ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ ၀င်ရခြင်း အကြောင်းရင်းကိုလည်း ရှင်းပြခဲ့သည်။ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက် ၍ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ဆိုသည်မှာမရှိခဲ့ဘဲ ငြိမ်ဝပ်ပိပြားရေးဆိုသည့် ဖိနှိပ်မှုသာရှိခဲ့ကြောင်း ပြောဆိုခဲ့ပြီး တရား စီရင်ရေး အခွင့်အာဏာသည် အုပ်ချုပ်ရေး အာဏာအောက် ကျရောက်နေကြောင်းလည်း ဝေဖန်ပြောကြားသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော်ကို မည်ကဲ့သို့ သဘောထား ရှိသည်ဆိုသည်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ ရာတွင် ''စစ်တပ်ကို ကျွန်မဘယ်တော့မှ မမုန်းပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မအဖေဟာ စစ်တပ်ကို တည်ထောင်ခဲ့သူပါ။ ကျွန်မ အဖေဟာ စစ်တပ်ရဲ့ ဖခင်ပါပဲ။ ကျွန်မစစ် တပ်ကိုကြည့်တိုင်း ယူနီဖောင်းနဲ့ ကျွန်မ အဖေကို မြင်မိတဲ့အတွက် စစ်တပ်ကို ကျွန်မ မုန်းလို့မရပါဘူး။ တကယ်တမ်းဆိုရင် သူတို့လည်း ကျွန်မကို ချစ်သင့်ပါတယ်'' ဟု ရယ်မောရင်း ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့၏ ဖိတ်ကြားမှုဖြင့် လာရောက်ခြင်းဖြစ်ပြီး ၀န်ကြီးချုပ် တိုနီအဘော့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေနယူးဆောက်ဝေးလ်ပြည်နယ် ဘုရင်ခံနှင့် အတိုက်အခံခေါင်းဆောင် အောင်ဆန်း စုကြည် သည် သြစတြေးလျနိုင်ငံသို့ ငါးရက်ကြာ သွားရောက် လည်ပတ်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့အား နိုဝင်ဘာ ၂၇ ရက်က ဆစ်ဒနီရှိ အစိုးရအိမ်တော်တွင် တွေ့ရစဉ် (Photo:AFP)

Eleven Media Group

No comments:

Post a Comment