Thursday, November 28, 2013

ကမ္ဘာ့ဘဏ်၏ တောက်ပံ့မှုရရှိမည့်မြို့နယ် ဧရာဝတီတိုင်း ဒေသကြီးအတွင်း၌ ရွေးချယ်

ကမ္ဘာ့ဘဏ်မှ ထောက်ပံ့ပေးမည့် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဧရာဝတီတိုင်း ဒေသကြီး ၂၆ မြို့နယ် အတွင်းမှ ထောက်ပံ့ရမည့် မြို့နယ်ရွေးချယ်ပွဲကို နိုဝင်ဘာ ၂၆ ရက်က ပုသိမ်မြို့ ကမ်းနားလမ်းရှိ မြို့တော် ခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

''ကမ္ဘာ့ဘဏ်ကပေးမယ့် ဒေါ်လာသန်း ၈၀ ကို ပြည်နယ်နဲ့တိုင်း အသီးသီးမှာ မြို့နယ်တစ်ခုခြင်းစီ ရွေးချယ် သတ်မှတ်ပြီး နှစ်အလိုက် ထောက်ပံ့ပေးသွားမှာပါ။ ပြည်နယ်နဲ့တိုင်းက ရွေးချယ်ထားတဲ့ မြို့နယ်တစ်ခုကို သုံးနှစ်စီမံကိန်း အနေနဲ့ ထောက်ပံ့ပေးသွားမယ်။ ရွေးချယ်ခံရတဲ့ မြို့နယ်မှာ ပါဝင်တဲ့ကျေးရွာအုပ်စု တစ်ခုကို တစ်နှစ်ဒေါ်လာ ၂၇၀၀၀ ထောက်ပံ့ ပေးသွားမယ်'' ဟု မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဒုတိယ၀န်ကြီး ဦးတင်ငွေမှ စည်းဝေးတွင် ပြောပြသည်။ အဆိုပါ အခမ်းအနားသို့ မွေးမြူရေး ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဒုတိယ၀န်ကြီး ဦးတင်ငွေ၊ ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာထိန်ဝင်း၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးများ တိုင်းခရိုင်နှင့် ၂၆ မြို့နယ်မှ ဌာနဆိုင်ရာများ၊ NGO၊ INGO များမှ လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ကြပြီး၊ တိုင်းအတွင်း လိုအပ်ချက် အနဲအများအလိုက် မြို့နယ်များကို အုပ်စု ၁၀ စုဖွဲ့ကာ အမှတ်ပေး စနစ်ဖြင့် ရွေးချယ်ခဲ့ရာ၊ လေးမျက်နှာ မြို့နယ်မှ ၂၇ မှတ်၊ သာပေါင်းမြို့နယ်မှ ၁၇ မှတ်နှင့် ငပုတောမြို့နယ်မှ ၇ မှတ် အသီးသီး ရရှိခဲ့သည်။ ယင်းကဲ့သို့ ရွေးချယ်ထားသော မြို့နယ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တင်ပြမှုဖြင့် နိုင်ငံတော် အစိုးရမှတဆင့် ကမ္ဘာ့ဘဏ်သို့ ဆက်လက်ပေးပို့ သွားမည်ဟု သိရသည်။

''စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာန (DRD) က အကောင်အထည်ဖော် ဆောင်ရွက် သွားမှာပါ။ ဒေသအတွင်းမှာရှိတဲ့ လမ်းတံတားတွေနဲ့ စာသင်ကျောင်း၊ ဆေးရုံတွေကို အသစ် တည်ဆောက် တာထက် အဟောင်းပြုပြင်တာကို ဦးစားပေး ဆောင်ရွက်သွားမယ်။ ဒီစီမံကိန်းကို အကောင် အထည် ဖော် တဲ့နေရာမှာ ကျေးရွာအလိုက် အမျိုးသမီးတစ်ဦး အမျိုးသားတစ်ဦးစီ ရွေးချယ်ရမှာပါ။ အဲဒီအစုအဖွဲ့မှာ လူထုစည်းရုံးရေးမှူးက ကျေးရွာနဲ့ကျေးရွာစု အဆင့်တွေမှာ တိုင်းရင်းသား လူနည်းစုတွေ၊ ဘာသာရေး လူနည်းစုတွေ၊ အမျိုးသမီးတွေနဲ့ ထိခိုက်လွယ် လူစုတွေ ပါဝင်ရအောင် ဆောင်ရွက်သွားရမှာပါ'' ဟု (DRD)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က ပြောကြားခဲ့သည်။

၂၀၁၃-၂၀၁၄ ဘတ်ဂျက်နှစ်တွင် ရှမ်း ပြည်နယ်၊ နမ့်ဆမ်မြို့နယ်၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးရှိ ကျွန်းစုမြို့နယ်များသို့ ရွေးချယ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘတ်ဂျက်နှစ်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မြို့နယ်တစ်ခုခြင်းစီ ရွေးချယ်ကာ ပံ့ပိုးပေးရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။ နေပြည်တော် ကောင်စီနယ်မြေ အပါအ၀င် ကျန်ရှိသည့် ပြည်နယ်နှင့် တိုင်းများကို ၂၀၁၅-၂၀၁၆ ဘတ်ဂျက်နှစ်တွင် ဆက်လက်၍ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး၊ စီမံကိန်း ပြီးစီးပါက မြန်မာနိုင်ငံ တစ်ဝှမ်းတွင် မြို့နယ် ၁၅ ခုအား ထောက်ပံ့ပေးသွား နိုင်မည်ဟု သိရသည်။

''စီမံကိန်းကို အကောင်အထည်ဖော်တဲ့ နေရာမှာ ကမ္ဘာ့စံနှုန်းများနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးသွားမှာပါ၊ အဲဒီလို စစ်ဆေးတဲ့နေရာမှာ ငွေရေးကျေးရေးစာရင်း စစ်ဆေးခြင်း၊ လူမှုရေးစာရင်း စစ်ဆေးခြင်း၊ နည်းပညာအရ စစ်ဆေးခြင်းတွေကို ဆောင်ရွက်သွားမှာပါ။ စောင့်ကြည့် စစ်ဆေးခြင်းတွေကိုတော့ ရွာသူရွာသားတွေနဲ့ NGO တွေက ဆောင်ရွက်သွားမှာ ဖြစ်တယ်'' ဟု ဦးလှခိုင်က ဆိုသည်။

ဧရာဝတီတိုင်း ဒေသကြီး အတွင်းတွင် ပံ့ပိုးပေးရမည့်မြို့နယ် ရွေးချယ်ရာ၌ သဘာဝဘေး ရင်ဆိုင် ခဲ့ရပြီး ပြန်လည်ထူထောင်ရန် အခက်အခဲအများဆုံး ရှိသောမြို့နယ်၊ ဒေသဖွံ့ဖြိုးမှု အားနည်းသော မြို့နယ်၊ စီးပွားရေးအရ ထူထောင်ရန် ခက်ခဲသောမြို့နယ် စသည်ဖြင့် အမှန်တကယ် ခက်ခဲမှု အများဆုံး ဒေသ ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment