Saturday, November 2, 2013

၂၀၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ရေး အပါအ၀င် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်ကို နိုဝင်ဘာ ၂ ရက် (ယနေ့) တွင် လက်မှတ်ရေးထိုး အတည်ပြုမည်

၂၀၁၅ ခုနှစ် မတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲ စတင်နိုင်ရေး အချိန်သတ်မှတ်ချက် အပါအ၀င် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်ကို နိုဝင်ဘာ ၂ ရက်(ယနေ့)တွင် လက်မှတ်ရေးထိုးပြီး အတည်ပြုချက် ရယူ မည် ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ သုံးရက်ဆက်တိုက် ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ တတိယနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်ကို ရရှိခဲ့ပြီး ထိုသဘော တူညီချက်အတိုင်း လိုက်နာဆောင်ရွက်ရန် နိုဝင်ဘာ ၂ ရက်တွင် လက်မှတ်ရေးထိုးရန် စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။
အခန်း ၉ ခန်း ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်တွင် အခြေခံမူများ၊ ရည်ရွယ်ချက်၊ နှစ်ဖက် လက်ခံနိုင်သော နိုင်ငံရေးလမ်းပြ မြေပုံချမှတ်ခြင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် အဓိက ပါဝင်ရမည့် အချက်များ၊ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ကတိပြုခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ယုံကြည်မှု တည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရမည့် အချက်များ၊ ဆွေးနွေးရေးကာလ အစီအမံများ၊ လက်မှတ် ရေးထိုးခြင်းနှင့် အတည်ပြုခြင်း၊ အထွေထွေ အစရှိသည်တို့ ပါဝင်ကြောင်း သိရသည်။
''အခြေခံအားဖြင့် ကိုးခန်းရှိတယ်။ အဲဒါကို အတည်ပြုနိုင်တယ်။ တော်တော်ကောင်းမွန်တဲ့ မူဖြစ်တယ်။ လက်မှတ်ရေးထိုးမယ့် အဆင့်က မနက်ဖြန် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် အလုပ်လုပ်မယ့် အဖွဲ့ကိစ္စ အရင်ဆွေးနွေးပြီးမှ လုပ်မှာပါ။ ဘုံသဘောထား တူညီချက်ကို မနက်ဖြန် လက်မှတ်ထိုးဖို့ ပြင်ဆင်ထားပါတယ်'' ဟု ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက တတိယနေ့ ဆွေးနွေးပွဲ အပြီးတွင် ပြောကြားသည်။
အပစ်အခတ် ရပ်စဲရေးအတွက် ဘုံသဘော တူညီချက် ရရှိထားသော်လည်း နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ရန် အစိုးရနှင့် ညှိနှိုင်းမည့် နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖွဲ့စည်းရေး ကိစ္စရပ်တွင်မူ မတင်မကျ ရှိနေကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ တွဲဖက် အတွင်းရေးမှူး -၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
နိုင်ငံရေး ဆွေးနွေးရန်အတွက် အချိန်သတ်မှတ်ချက်ကို ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးလုပ်ဆောင်နိုင်ရန် သတ်မှတ်ထားကြောင်းနှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီး ရက်ပေါင်း ၆၀ အကြာတွင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို အပြီးရေးကာ နောက်ထပ် ရက်ပေါင်း ၆၀ တွင် နိုင်ငံရေး ဆွေးနွေး ပွဲ အပြီးသတ်ရန် ရေးဆွဲထားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
ယခုသဘော တူလိုက်သော ဘုံသဘော တူညီချက်သည် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(WGEC)က ရေးဆွဲခဲ့ပြီး KNU နှင့် RCSS အဖွဲ့တို့က အစိုးရအဖွဲ့သို့ တင်ပြထားပြီး အစိုးရအဖွဲ့က ပြင်ဆင်ရေးဆွဲ ထားသောမူကြမ်းနှင့် နီးစပ်မှုရှိကြောင်း သိရသည်။ အစိုးရမူကြမ်းမှ ပယ်လိုက်သည့် အချက်များမှာ ကော်မတီ အဆင့်ဆင့် ဖွဲ့ခြင်းနှင့် အခြေအနေများကို သမ္မတ ဦးဆောင်သော ဗဟိုအဖွဲ့သို့ တင်ပြရေးကိစ္စများ ပါဝင်ကြောင်း သိရသည်။
''အခုဆွဲထားတဲ့ မူဘောင်ကို အစိုးရအနေနဲ့ လက်ခံနိုင်ဖွယ် ရှိ၊ မရှိ ဘယ်နေရာမှာ အကြိတ် အနယ် ဆွေးနွေးရနိုင်လဲ ဆိုရင် ကျွန်တော့်အမြင် ပြောရရင် အစိုးရအနေနဲ့ တိုင်းပြည်ကို ချစ်တယ်။ ပြည်တွင်းစစ်ကို ငြိမ်းချမ်းစေချင်တယ်။ ပြည်ထောင်စုကို ပင်လုံစိတ်ဓာတ်နဲ့ ထူထောင်ချင် တယ်ဆိုရင် သိပ်ပြီးတော့ အငြင်းအခုံလုပ်ဖို့ မရှိဘူးလို့ ထင်ပါတယ်'' ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

Eleven

No comments:

Post a Comment