Saturday, November 2, 2013

ချေးငွေများ ထုတ်ချေးရာတွင် သမ၀ါယမ စနစ်ဟောင်း၊ ခေတ်ဟောင်းက ကျင့်သုံးခဲ့သည့် မူများကို ရှောင်ပြီး အမှန်တကယ် လိုအပ်သော သူများကို ဦးစားပေးရန် လိုအပ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ အကြံပြု

ချေးငွေများ ထုတ်ချေးရာတွင် သမ၀ါယမ စနစ်ဟောင်း၊ ခေတ်ဟောင်းက ကျင့်သုံးခဲ့သည့် မူများကို ရှောင်ပြီး အမှန်တကယ် လိုအပ်သောသူ၊ ချေးငွေအသုံးပြုပြီး ဘ၀မြင့် မားအောင် ဆောင် ရွက်နိုင်သူကို မူအရ ဦးစားပေးရန် အရေးကြီးကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များက အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဖြည့် စွက်ရန်ပုံငွေများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အကြံပြု ပြောကြားခဲ့သည်။
''ချေးငွေတွေကို ထုတ်ချေးရာမှာ သမ၀ါယမ စနစ်ဟောင်း၊ ခေတ်ဟောင်းက ကျင့်သုံးခဲ့တဲ့ ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေမျိုးအတွက် ဆိုတဲ့မူကို ရှောင်ပြီး အမှန်တကယ် လိုအပ်သူတွေ၊ ချေးငွေကို အသုံးပြုပြီး ဘ၀အဆင့် မြင့်မားအောင် ဆောင်ရွက် နိုင်သူတွေကို မူအရ ဦးစားပေးရန် လိုအပ်တယ်လို့ အကြံပြု လိုပါတယ်။ နောက်ပြီးတော့ နောင် ၁၀ နှစ်လောက်ရှိရင် အကျိုးအမြတ် ရှိ၊ မရှိ၊ ကျေးရွာတွေမှာ လုပ်ငန်းအရှိန်အဟုန် ရရှိမှု ရှိ၊ မရှိ သုံးသပ်သင့်ပါတယ်'' ဟု ဦးသန့်ဇင်က အကြံပြု ပြောကြားသည်။
ဆက်လက်၍ ဦးသန့်ဇင်က ''သမ၀ါယမ ၀န်ကြီးဌာနရဲ့ နောက်ထပ်ခွဲဝေမှု ကျပ် ၁၀၂ ဒသမ ၁၅၄ ဘီလျံက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ exim ဘဏ်ရဲ့ ချေးငွေဒေါ်လာ သန်း ၁၀၀ ကို အခြေပြုပြီးတော့ ဆင်းရဲနွမ်းပါးမှု လျော့ချဖို့ ရည်ရွယ်ထားတာကို လေ့လာတွေ့ရှိရတယ်။ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ပေးရမှာဖြစ်လို့ နောက် ၁၀ နှစ်ဆိုရင် အတိုးနဲ့အရင်း ပေါင်းရင် ဒေါ်လာ ၁၄၅ သန်း ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဒေါ်လာနဲ့ ကျပ်ငွေ လဲလှယ်နှုန်း တည်ငြိမ်အောင် ထိန်းနိုင်ဖို့ လိုပါတယ်။ ဒါမှသာ အကျိုးကျေးဇူး ရရှိလာနိုင်မှာပါ'' ဟု ဆွေးနွေးသည်။
အစိုးရ ၀န်ကြီးဌာနများ၏ ခွင့်ပြုငွေ တောင်းခံသည့် အစီရင်ခံစာများ တင်ပြရာတွင် ၀န်ကြီးဌာန တစ်ခုချင်း၏ သာမန်မူလ ခွင့်ပြုငွေနှင့် လိုငွေ၊ ကျိုးကြောင်းဖော်ပြချက်များ၊ ငွေလုံးငွေရင်းမူလ ခွင့်ပြုငွေနှင့် လိုငွေကျိုးကြောင်း ဖော်ပြချက်၊ ရှင်းလင်းချက်များကို ဖော်ပြပေးရန် လိုအပ်ကြောင်း၊ မရှင်းလင်းသည်များကို မေးမြန်းနိုင်ရန် ၀န်ကြီးဌာနမှ ရှင်းပြနိုင်သူကို အချိန်မရွေး ခေါ်ယူမေးမြန်းနိုင်ရန် စီစဉ်ပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ က အကြံပြုခဲ့သည်။
ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ၀န်ကြီးဌာနများမှ သုံးစွဲနေသည့် သုံးငွေများမှာ ပြည်သူ့ဘဏ္ဍာငွေများ ဖြစ်သည့်အတွက် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုဘ၀ စီးပွားရေး မြင့်မားလာရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး တို့တွင် ခွင့်ပြုငွေများကို အပြည့်အ၀ သုံးစွဲခြင်း ရှိ၊ မရှိ လေ့လာစောင့်ကြည့် သင့်ကြောင်း၊ မူလခွင့်ပြုငွေဖြင့် အမှန်တကယ် လုံလောက်မှု ရှိ၊ မရှိ၊ ငွေအသုံး ပြုသော်လည်း ပစ္စည်းအရည်အသွေး မှန်ကန်မှု ရှိ၊ မရှိ များကို ကြပ်မတ်စစ်ဆေး သင့်ကြောင်း၊ စာရွက်ပေါ်တွင် စစ်ဆေးနေရုံ မဟုတ်ဘဲ လုပ်ငန်းတစ်ခုချင်းစီအလိုက် ကွင်းဆင်းစစ်ဆေး သင့်ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်မှသာ မှန်ကန်သည့် လမ်းကြောင်းပေါ် ရောက်ရှိလာမည် ဖြစ်ကြောင်း၊ ၀န်ကြီးဌာနများ အနေဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုအပ်ကြောင်း ဆွေးနွေးအကြံပြုသည်။
ထို့အတူ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း သမ၀ါယမ ၀န်ကြီးဌာနသည် အာမခံချက်ရှိရန် လိုအပ်ကြောင်း၊ ယင်းဌာနမှ လုပ်ဆောင် လျက်ရှိသော အသေးစား ငွေချေးလုပ်ငန်း များကို မူဝါဒချမှတ် မဆောင်ရွက်နိုင်ပါက နောင်တက်လာမည့် အစိုးရသစ်နှင့် ပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်စေနိုင်ကြောင်းနှင့် ယင်းလုပ်ငန်းအတွက် ချေးယူ ထားသည့် ငွေကြေးများ အတွက် ပေးရသည့် အတိုးနှုန်းများမှာ များစွာကြီးမြင့်နေကြောင်း ဝေဖန်ပြောကြားသည်။

Eleven

No comments:

Post a Comment