Monday, November 4, 2013

ရှင်းပြဖို့ လိုသလား

တော်တော်များများကြုံဖူးကြမှာပါ... တစ်ခုခုမှားယွင်းသွားတာမျိုး တစ်ယောက်ယောက်က တစ်မျိုးထင် သွားမှာ စိုးတာမျိုး ဖြစ်တဲ့အခြေအနေတစ်ခုခုပေါ့... အဲ့ဒီအချိန်ကြရင် အမှန်ကိုမရှင်းပြမရမချင်း စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားရခက်ပါတယ်... ကိုယ်ပြောလိုက်တဲ့ ဆိုလိုရင်းကိုသူသဘောမှပေါက်ရဲ့လား... ကိုယ့်ကိုဘယ် လိုထင်သွားမလဲ... တကယ့်အဖြစ်မှန်ကို သူသိပါ့မလား... မှားသွားရတဲ့ အကြောင်းရင်းကို သိပါ့မလား... စသဖြင့် စိတ်ထဲအမျိုးမျိုးတွေးနေမိပါတယ်... ကိုယ့်အခြေအနေမှန်ကို သဘောပေါက် သွားအောင် ရှင်းပြ လိုက်ချင်တယ်... ရှင်းပြဖို့ အခွင့်မသာလေလေ စိတ်ထဲမှာ ပိုခံစားရလေလေပဲ... ဒီခံစားချက်မျိုးကို ဖြစ်ဖူး သူတွေ သတိရပါလိမ့်မယ်...
ဒီနေရာမှာ ဆွေးနွေးချင်တာကတော့ အဲ့ဒီလိုဘာကြောင့်ဖြစ်ရသလဲ... ဖြစ်ဖို့လိုသလား... ခံစားဖို့လို သလား... ဘာကြောင့်ရှင်းပြချင်ရတာလဲ... ရှင်းပြဖို့ လိုသလား ဆိုတာတွေပါပဲ...
ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့အချက်ကို စဉ်းစားမယ်ဆိုရင် လူတွေရဲ့ အတ္တစိတ်ကြောင့်လို့ အကြမ်းဖျဉ်း သတ်မှတ်နိုင်ပါတယ်... တစ်နည်းအားဖြင့် ကိုယ့်ကိုယ်အခြေပြုစဉ်းစားတတ်တဲ့ စိတ်သဘောက လူတွေမှာ အနည်းနဲ့ အများဆိုသလို ရှိတတ်ကြပါတယ်... egocentric ဆိုတဲ့ အတ္တအခြေပြုတဲ့ အဆင့်ရောက် ရင်တော့ အတ္တအရမ်းကြီးသွားပြီ... အခုက လူတိုင်းလိုလိုရှိတတ်တဲ့ သိမ်မွေ့တဲ့ စိတ်တစ်မျိုးပေါ့... အကုန်လုံးကို ကိုယ်နဲ့နှိုင်းယှဉ်ပြီးစဉ်းစားတယ်... ငါသာဆိုရင်တော့ ဒီလိုထင်မှာပဲ... ဒီလို ထင်စရာ ပုံစံမျိုးဖြစ်နေတယ်... ငါ့အကြောင်း သူသိသွားပြီထင်တယ်... သူသိနေမှာပါ... သူတော့ ဒီလိုထင်သွားပြီ... စတဲ့အတွေးတွေကို မသိမသာ လက်ခံယူလိုက်တဲ့အခါမျိုးမှာ ဒီလိုခံစားချက်မျိုးဖြစ် လာတတ်ပါတယ်...
ဒါနဲ့ပတ်သက်လို့တော့ ဝတ္ထုဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်... တစ်ခါက အိမ်တစ်အိမ်မှာ ဧည့်ခံပွဲတစ်ပွဲ လုပ်ပါတယ်... ဧည့်သည်တွေအများကြီးလာကြတာပေါ့... အိမ်ရှင်ယောက်ျားက စားစရာထပ်ယူဖို့ မီးဖိုခန်း ထဲဝင်လာတယ်... အဲ့ဒီမှာ အိမ်ဖော်အမျိုးသမီးနဲ့တိုက်မိပြီး အမျိုးသမီးလက်ထဲက ပန်းကန်တွေ၊ ဇွန်းတွေကျ ကုန်တာပေါ့... အိမ်ရှင်ကလည်း လှမ်းအကောက် အိမ်ဖော်အမျိုးသမီးကလည်း လှမ်းအကောက်ဆိုတော့ နှစ်ယောက်သား ခေါင်းချင်းဆိုင်မိသွားကြတယ်... အိမ်ရှင်လည်း အဲ့မှာ သူ့ဘာသာ အတွေးပေါက်ပြီး ချက်ချင်းကိုယ်ကိုပြန်မတ်လိုက်တယ်... ဘေးဘီဝဲယာကိုကြည့်လိုက်တော့ ဧည့်သည်တစ်ယောက် ဝင်လာတာကို တွေ့ရတယ်...
အဲ့ဒါနဲ့ ဧည့်သည်ကို အိမ်ဖော်အမျိုးသမီးကို သူနမ်းနေတာ မဟုတ်တဲ့အကြောင်း ပစ္စည်းကူကောက် ပေးတာဖြစ်တဲ့အကြောင်းကို ရှင်းပြလိုက်တယ်... နောက်ဧည့်ခံပွဲဆီကို ပြန်လာတော့ ခုနက လူက တစ်ယောက်ယောက်နဲ့စကားပြောနေတာတွေ့တယ်... ပြီးတော့ သူ့ကိုကြည့်နေတယ်လည်း ထင်တာနဲ့ မလုံမလဲဖြစ်ပြီး ဒုတိယဧည့်သည်ဆီသွားပြီး ရှင်းပြတယ်... ပထမဧည့်သည်က အထင်လွဲတာဖြစ်တဲ့ အကြောင်း သူက ပစ္စည်းကောက်တာဖြစ်ပြီး နမ်းတာမဟုတ်တဲ့အကြောင်းပေါ့... အဲ့လိုနဲ့ ဧည့်ခံပွဲပြီးတဲ့အထိ ဧည့်သည်တွေကို သူလိုက်ရှင်းပြနေခဲ့တယ်... သူ့ကိုယ်သူတော့ ရှင်းပြလိုက်ရလို့ ကျေနပ်သွားတာပေါ့... နောက်နေ့မနက်ရောက်တော့ မြို့ထဲမှာ သတင်းပြန့်နေတာကတော့ အိမ်ဖော်အမျိုးသမီးကို သူနမ်းလိုက် တယ်ဆိုတဲ့ အကြောင်းဖြစ်နေပါတယ်...
ဝတ္ထုဇာတ်လမ်းထဲကအတိုင်း အတိအကျတော့မဟုတ်ပါဘူး... မှတ်မိသလိုပြန်ရေးပြလိုက်တာပါ... ဝတ္ထု ဇာတ်လမ်း ဆိုပေမဲ့ လူ့သဘောသဘာဝတွေ အများကြီးပါပါတယ်... အိမ်ရှင်ဖြစ်သူ စပြီးမှားသွားတဲ့ အချက် ကတော့ ဝင်လာတဲ့ ဧည့်သည်က သူ့ကိုမြင်မယ်လို့ ထင်လိုက်တာပါ... ပထမအချက်က မြင်ချင်မှ လည်း မြင်မယ်... မြင်ရင်လည်းမြင်မယ်ပေါ့... နောက်တစ်ချက်က မြင်တယ်ဆိုဦးတော့ သူက အိမ်ဖော် အမျိုးသမီးကို နမ်းနေတယ်လို့ ထင်ချင်မှလည်း ထင်ပါလိမ့်မယ်... အဲ့ဒီအတွေးက သူ့စိတ်ထဲမှာ သူ့ဘာသာ တွေးမိတဲ့အတွေးဖြစ်ပါတယ်... တခြားသူက အဲ့လိုတွေးမိကောင်းမှ တွေးမိပါလိမ့်မယ်... ဒီအချက်ကို ကြည့်ရင် နောက်ကမေးခွန်းတွေအကုန်လုံးနီးပါးရဲ့ အဖြေထွက်လာပါပြီ...
ဟုတ်ပါပြီ ခုနကပြောသလို တွေးမိတယ်ပဲ ထားပါဦးတော့... အဲ့ဒီသူက တခြားသူတွေကို လိုက်ပြော ချင်မှ ပြောပါလိမ့်မယ်... ဧည့်ခံပွဲကိုလာတာ ပျော်ဖို့ရွှင်ဖို့အဓိကထားလာတာဖြစ်တဲ့အတွက် သူ့စိတ်ထဲမှာ ခုနက အကြောင်းအရာကို စဉ်းစားမိချင်မှ စဉ်းစားမိပါလိမ့် မယ်... တွေ့တဲ့သူ အများကြီး ရှိတဲ့အတွက် အကြောင်း အရာမျိုးစုံ အာရုံမျိုးစုံရှိနေမှာ သေချာပါတယ်... ပြီးတော့ တစ်စုံတစ်ယောက်ရဲ့ မကောင်းသတင်းကို အဆက် အစပ်မရှိပြောဖို့ဆိုတာကလည်း အတော်မလွယ်တဲ့ကိစ္စဖြစ်ပါတယ်... အဲ့ဒီလို သူများမကောင်း ကြောင်းကို သွားပုပ်လေလွင့် ပြောတတ်တဲ့သူတွေ ရှိပေမဲ့ လူတိုင်းဟာ အဲ့လိုလူမျိုးမဖြစ်နိုင်ပါဘူး... ကိုယ့် သိက္ခာနဲ့ကိုယ်နေတဲ့သူတွေလည်း အများကြီးရှိပါတယ်....
သူက အဲ့လိုပြောတတ်တဲ့သူဖြစ်ဦးတော့ သူသွားပြောတဲ့သူကလည်း အဲ့ဒီအကြောင်းအရာကို စိတ်ဝင်စား ချင်မှ ဝင်စားပါလိမ့်မယ်... စိတ်ဝင်စားသည့်တိုင်အောင် ယုံချင်မှလည်း ယုံပါလိမ့်မယ်... လူတိုင်းမှာ စဉ်းစား ဆင်ခြင်ဥာဏ်ရှိကြပါတယ်... သူ့တွေးခေါ်မှု ဆင်ခြင်မှုပေါ်မူတည်ပြီး ယုံသင့်သလောက်ကိုသာ ယုံကြပါလိမ့်မယ်... ဖြစ်နိုင်မဖြစ်နိုင်ကို ဝေဖန်သုံးသပ်ပါလိမ့်မယ်... ပြောတိုင်းယုံတတ်တဲ့လူမျိုးဟာလည်း တကယ့်လူနည်းစုလေးပဲရှိပါတယ်... ယုံတယ်ဆိုတောင်မှ သူ့စိတ်ထဲ ဒီအကြောင်းအရာကို စွဲစွဲမြဲမြဲဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်... အကြောင်းတိုက်ဆိုင်လို့ သတိရရင်တောင်မှ တခြားတစ်ယောက် ကို ပြောဖြစ်ချင်မှ ပြောမိ ပါလိမ့်မယ်... ပြောလိုက်ရင်တောင် နားထောင်တဲ့သူက ယုံချင်မှယုံ ပါလိမ့်မယ်...
လူတစ်ယောက်ကနေ တစ်ယောက်ဆီ ရွေ့လျားသွားလေလေ... မဖြစ်နိုင်တဲ့ အခြေအနေတွေက ပိုများ လာလေလေဖြစ်ပါတယ်... ဒါကို ဘာအတွက် စိုးရိမ်ပူပန်နေဖို့လိုပါမလဲ.... တစ်ဖက်လူစိတ်ထဲမှာတောင် ရှိတယ်မရှိဘူးဆိုတာ မသေချာတဲ့ အကြောင်းအရာတစ်ခုအတွက် ကိုယ်ကဘာကြောင့် စိုးရိမ်ပူပန်နေဖို့ လိုပါမလဲ... တစ်ဖက်လူက ဘယ်လိုထင်နေမလဲဆိုတာ သေချာမပြောနိုင်တဲ့အခြေအနေမှာ ကိုယ်က ဘာကိုရှင်းပြနေရဦးမှာလဲ... တကယ်တော့ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်ဘာသာ စိတ်ပင်ပန်းအောင်ပြု လုပ်နေတာပဲ ဖြစ်ပါတယ်... ဘာမှန်းမသိတဲ့ အရာတစ်ခုအတွက် စိုးရိမ်နေတာ... ဖြစ်မယ်မဖြစ်မယ် မသေချာတဲ့ အကြောင်းအရာတစ်ခုအတွက် ထိတ်လန့်ကြောက်ရွံ့နေတာဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပါတယ်....
ကိုယ်က အတင်းကာရော လိုက်ရှင်းပြလေလေ တစ်ဖက်လူအတွက် သံသယကို ပိုကြီး ထွားနိုင်လေ လေဆိုတာ သတိပြုသင့်ပါတယ်... ဘာကြောင့် ဒီလောက်အထိဖြစ်နေရတာလဲ... တကယ်များ ဖြစ်နေလို့ လား.... အနာပေါ်တုတ်ကျတာလား... စသဖြင့် အမျိုးမျိုးတွေးပါလိမ့်မယ်... တစ်ဖက်လူရဲ့သိချင်စိတ်... သံသယစိတ်... မယုံကြည်စိတ်တွေဖြစ်လာအောင် ကိုယ်ကသွားတိုက် တွန်းနေသလို... မီးလောင်ရာ လေပင့် နေသလိုဖြစ်နေပါလိမ့်မယ်... အမှားလုပ်ထားတဲ့သူဟာ ယုံကြည်မှုလျော့နည်းတတ်တဲ့သဘော ရှိပါတယ်... ကိုယ့်ကိုအမှားလုပ်တယ်လို့ အထင်ခံရမှာစိုး တာကြောင့် လိုက်ရှင်းပြနေရင် ယုံကြည်မှုမရှိတဲ့ပုံစံမျိုး ဖြစ်သွားပါလိမ့်မယ်... ယုံကြည်မှုရှိရှိ မားမားမတ်မတ်နေတဲ့သူကို တော်ရုံလူက မဟုတ်တမ်းတရား မယိုးစွပ်ဝံ့ပါဘူး... တကယ်ဟုတ်နေ တာတောင် အရှိအဝါကြောင့် မစွပ်စွဲဝံ့တာမျိုး ဖြစ်တတ်ပါတယ်... ယုံကြည်မှုရှိခြင်း ဒါမှမဟုတ် ယုံကြည်မှုရှိတဲ့အသွင်ရှိခြင်းဟာ လူတစ်ယောက်အတွက် အတော့်ကို လုံခြုံတဲ့ အဟန့်တစ်ခုဖြစ်ပါတယ်...
ချီးမွမ်း ခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက် ဆိုတဲ့စကားရှိပါတယ်... လူတွေဟာ သူတို့ရဲ့ကိစ္စကလွဲလို့ တခြား အကြောင်းအရာတွေကို အချိန်ကြာကြာစိတ်မဝင်စားပါဘူး... တစ်ချို့ကတော့ အထူးအဆန်း သဘော မျိုး... အပုပ်ချ တိုက်ခိုက်လိုတဲ့ သဘောမျိုး... လှောင်ပြောင်ကဲ့ရဲ့လိုတဲ့ သဘောမျိုးနဲ့ မကောင်း သတင်းတွေကို ဖြန့်တတ်ကြပါတယ်... ဒါပေမဲ့ လူတိုင်းက ဒီလိုလူတွေချည်းမဟုတ်တဲ့အတွက် သူတို့ရဲ့ပြော ဆိုချက်တွေက ထင်သလောက် အရာမထင်ပါဘူး... အဲ့လိုပြောတတ်တဲ့သူတွေရဲ့ စကားကိုလည်း အသိဆင်ခြင် ဥာဏ်ရှိတဲ့သူတွေက ယုံကြည်လက်ခံခြင်းမပြုကြပါဘူး... မှန်တယ်မှား တယ်ဆိုတာကို အချိန်ကာလကသာ အမှန်ကန်ဆုံး အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်.... လူတွေရဲ့စိတ်ဝင်စားမှုဆိုတာကလည်း အချိန်ကြာ တာနဲ့ အမျှ ပြောင်းလဲသွားတတ်ပါတယ်...
မှားယွင်းချွတ်ချော်မှုတွေ... အထင်လွဲစရာတွေကြုံလာတဲ့အခါ အတင်းလိုက်ပြီး ဖြေရှင်းဖို့မကြိုးစားပါနဲ့... စိတ်ထဲမှာလည်း စနိုးစနှောင့်မဖြစ်ပါနဲ့... စိတ်အေးအေးထားပြီး ဖြစ်နိုင်တဲ့ အခြေအနေတွေကို အရင်စဉ်း စားသုံးသပ်ပါ... ဘယ်လိုထင်သွားနိုင်သလဲ... ထင်သွားတော့ ဘာဖြစ်နိုင်သလဲ... အဲ့ဒီဖြစ်တဲ့အကျိုး ဆက်က ကိုယ့်အပေါ်ဘယ်လိုထိခိုက်နိုင်လဲ... ထိခိုက်မှုက ဘယ်လောက်အတိုင်းအတာထိရှိနိုင်လဲ... အချိန်ဘယ်လောက်ကြာနိုင်သလဲ... ဘာတွေထပ်ဖြစ်လာနိုင်သလဲ... စတာတွေကို စဉ်းစားပါ... ဒါတွေက အဆိုးဆုံးအခြေအနေဖြစ်ပါတယ်... အဲ့ဒီအဆိုးဆုံးအခြေအနေတွေကြုံလာရင် ဘယ်လိုရင်ဆိုင် မလဲ ဖြေရှင်း မလဲ ဆို တာကို စဉ်းစားပါ... ဒါကိုရင်ဆိုင်ဖြေရှင်းနိုင်ပြီဆိုရင် ဘာမှစိတ်ပူနေစရာ မလိုတော့ ပါဘူး... အဆိုး ဆုံးအခြေအနေကို ကျော်ဖြတ်ဖို့ သင်အဆင့်သင့်ဖြစ်နေပါပြီ...
ဒါပေမဲ့ အခြေအနေကလည်း ထင်သလောက်ဆိုးချင်မှဆိုးပါလိမ့်မယ်... အထင်လွဲမှားသွားတဲ့သူက သင့်ဆီ လာပြီး မေးတယ်ဆိုရင် အခြေအနေမှန်ကို ရှင်းပြဖို့ အခွင့်အရေးရလာပါပြီ... တည်တည် ငြိမ်ငြိမ်ရှင်းပြနေတဲ့ သင့်ကို အထင်မှားဖို့ဆိုတာကလည်း ဖြစ်ဖို့အတော်နည်းတဲ့ ကိစ္စဖြစ်ပါတယ်... ကိုယ်ကောင်းရင် ခေါင်း မရွေ့ဘူးဆိုတဲ့ သဘောအတိုင်း ဖြစ်ပါတယ်... တစ်ခါတစ်လေ ကိုယ်ထင်သလို အထင်လွဲတာမျိုးတောင် မဖြစ်ဘဲ နေတတ်ပါသေးတယ်... ကိုယ်ကသာတွေးပူနေပေမဲ့ တစ်ဖက်လူက သိတောင်မသိလိုက်တာမျိုး လည်း ဖြစ်တတ်ပါတယ်... ဒါက အကောင်းဆုံးအခြေအနေဖြစ်ပါတယ်... အကောင်းဆုံးနဲ့ အဆိုးဆုံးအခြေ အနေနှစ်ရပ်ကို သင့်အနေနဲ့ သိရှိလက်ခံထားပြီဆိုရင် ကျန်တဲ့ ဘယ်ကိစ္စကိုမဆို ခေါင်းအေးအေးနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်ပါလိမ့်မယ်...
ဒါကြောင့် ဘယ်လိုမှားယွင်းမှု.. ချွတ်ချော်မှု... အဆင်မပြေမှုနဲ့ပဲ ကြုံကြုံ အလောတကြီးတုံ့ပြန်တာမျိုး မလုပ်ပါနဲ့... အလွန်အကျွံစိတ်သောက ရောက်တာမျိုးမဖြစ်ပါနဲ့... အမှားကြီးမှားခဲ့တဲ့သူတွေကိုတောင် လူတွေခွင့်လွှတ်နိုင်ကြပါတယ်... ဘာမဟုတ်တဲ့အကြောင်းအရာအတွက်နဲ့ ကိုယ့်စိတ်ကို အပင်ပန်းမခံ ပါနဲ့... ကိုယ်တကယ်မမှားတဲ့ ကိစ္စဟာ ရှင်းပြရင်းနဲ့ ကိုယ့်အမှားဖြစ်သွားတတ်ပါတယ်... ကိုယ့်မကောင်း သတင်းကို ကိုယ်ကိုယ်တိုင်ဖြန့်ဝေနေသလို ဖြစ်သွားနိုင်ပါတယ်... လက်ရှိအခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ပါ... အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီး အကောင်းဆုံးကိုမျှော်လင့်ပါ... တည်တည်ငြိမ်ငြိမ် ရှိပါစေ... ဒါလောက်ဆိုရင်တော့ ယုံမှားသံသယအဖြစ်ခံရတဲ့ အခြေအနေမျိုးတွေ ကို အောင်အောင်မြင်မြင် ကျော်ဖြတ် နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်... စာဖတ်သူ အားလုံး ပျော်ရွှင် သာယာတဲ့ ဘဝခရီးလမ်းကို ရယူပိုင်ဆိုင် နိုင်ကြပါစေ....
နှိုင်းရင့်နွေမှ တင်ဆက်သည်...

No comments:

Post a Comment