Thursday, November 21, 2013

ရန်ကုန်-ပုဂံ ခရီးစဉ်ရထား ပခုက္ကူအထိ တိုးချဲ့ပြေးဆွဲမည်

ရန်ကုန်-ပုဂံ ခရီးစဉ် ပြေးဆွဲလျက်ရှိသော ရထားကို ရန်ကုန်-ပခုက္ကူ ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၄ ရက်နေ့မှစ၍ တိုးချဲ့ ပြေးဆွဲမည် ဖြစ်ကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်-ပုဂံ-ပခုက္ကူ အစုန် ခရီးစဉ်အတွက် ရန်ကုန်မှ ညနေ ၄ နာရီတွင် ထွက်ခွာမည် ဖြစ်ပြီး ပုဂံကို နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကာ ပခုက္ကူသို့ ၁၁ နာရီတွင် ရောက်ရှိကာ ခရီးစဉ် ပြီးဆုံးမည် ဖြစ်ကြောင်း ပခုက္ကူ-ပုဂံ-ရန်ကုန် အဆန် ခရီးစဉ်အတွက် ပခုက္ကူမှ ညနေ ၃နာရီ ၃၀ မိနစ်တွင် စတင်ထွက်ခွာမည် ဖြစ်ပြီး ပုဂံသို့ ညနေ ၄ နာရီ ၅၀ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်၍ ရန်ကုန်သို့ နံနက် ၁၀ နာရီခွဲတွင် ရောက်ရှိကာ ခရီးစဉ် ပြီးဆုံးမည် ဖြစ်ကြောင်း ၎င်းကရှင်းလင်း ပြော ကြားသည်။

ရန်ကုန်-ပုဂံ ခရီးစဉ်တွင် ဘူတာ ၁၅ ခုရပ်နားပြီး ပုဂံနှင့် ပခုက္ကူကြားတွင် ဘူတာ နှစ်ခုရပ် နားမည် ဖြစ်သည့်အတွက် ရန်ကုန်- ပခုက္ကူ ခရီးစဉ်တွင် ဘူတာ ၁၇ ခု ရပ်နား ပြေးဆွဲမည် ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

အဆိုပါ ခရီးစဉ်အတွက် ရိုးရိုးတန်း ၄၈၀၀ ကျပ်၊ ဒုတိယတန်း ၆၄၀၀ ကျပ်၊ အထက်တန်း ၁၂၇၀၀ ကျပ်နှင့် အထက်တန်း အိပ်စင် အထူးတန်းအတွက် ၁၇,၅၀၀ ကျပ်တို့ ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ရိုးရိုးတန်း လက်မှတ်များကို တစ်ရက် ကြိုတင်၍ ဝယ်ယူနိုင်ပြီး အထက်တန်း လက်မှတ်များကို စီးနင်းမည့်နေ့တွင် လည်းကောင်း၊ သုံးရက် ကြိုတင်၍ လည်းကောင်း ဝယ်ယူနိုင်ကြောင်း ၎င်းကပြော ဆိုသည်။
The Voice

No comments:

Post a Comment